သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပူးပေါင်းဖြေရှင်းကြဖို့ အိန္ဒိယကို ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း


ယခင်မှတ်တမ်းရုပ်ပုံ | ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့အစည်းအဝေးတခုအတွင်း ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကိုတွေ့ရစဉ် (ဇူလိုင် ၂၈၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာကျင်းပတဲ့အစည်းအဝေးတခုအတွင်း ထိုင်းဒုနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow ကိုတွေ့ရစဉ် (ဇူလိုင် ၂၈၊ ၂၀၁၄)

မြန်မာ့အရေးနဲ့ပတ်သက်လို့ ထိုင်းနဲ့ အိန္ဒိယအကြား မဟာဗျူဟာမြောက် အလျင်အမြန် ပူးပေါင်းဆောင်ရွက်ကြဖို့ လိုအပ်နေပြီဖြစ်ကြောင်း ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ပြောကြားလိုက်ပါတယ်။​ မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေအတွက် နိုင်ငံအတွင်းက အဖွဲ့အစည်းတွေနဲ့အတူ အာဆီယံနိုင်ငံတွေအနေနဲ့ အိန္ဒိယနဲ့ လက်တွဲဆောင်ရွက်ကြဖို့လိုအပ်ကြောင်း အိန္ဒိယနိုင်ငံကိုရောက်နေတဲ့ ဒုဝန်ကြီး Sihasak Phuangketkeow က မနေ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့က အိန္ဒိယ ကမ္ဘာ့ရေးရာကောင်စီ (ICWA) မှာ ပြောကြားတဲ့မိန့်ခွန်းကို ကောက်နုတ်ပြီး အိန္ဒိယသတင်းတွေမှာ ကိုးကား ဖော်ပြကြပါတယ်။​

မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီလက စစ်တပ်က အာဏာသိမ်းလိုက်တဲ့ဖြစ်ရပ်က အိမ်နီးချင်း ထိုင်းနဲ့ အိန္ဒိယ နှစ်နိုင်ငံစလုံးကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Parnpree Bahiddha-Nukara ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့အတူ လိုက်ပါလာတဲ့ ဒုဝန်ကြီး Sihasak Phuangketkeow က ပြောပါတယ်။

ဒေသတွင်းနိုင်ငံတွေအနေနဲ့ လတ်တလော မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ အခက်အခဲက ကျော်လွှားနိုင်ဖို့ အာဆီယံ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်ဖို့ နည်းလမ်းရှာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်းလည်း သူက ပြောပါတယ်။​

အဆုံးသတ်မှာတော့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာအောင် အားလုံးက ဝိုင်းဝန်း ကြိုးပမ်း လုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း၊​ မြန်မာနိုင်ငံအရေးအတွက် ထိုင်းနိုင်ငံအနေနဲ့ အိန္ဒိယနဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း၊​ ဒါပေမယ့် အပြင်လူတွေရဲ့ ပါဝင် လုပ်ဆောင်နိုင်စွမ်းက အကန့်အသတ် ရှိနေပြီး မြန်မာ့အရေးအတွက် မြန်မာနိုင်ငံထဲက သက်ဆိုင်သူ အဖွဲ့အစည်းတွေကသာ ဒီပြဿနာကို ဖြေရှင်းရမှာဖြစ်ကြောင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sihasak Phuangketkeow က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG