သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးတဦး နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရရှိ


အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့မှာ ကြေညာလိုက်တဲ့ ၂၀၂၄ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရရှိသူစာရင်းထဲမှာ မြန်မာအမျိုးသမီး ဒေါ်မဉ္ဇူဝင်းလည်း ပါဝင်ပါတယ်။ (Screenshot State Dept Website)
အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့မှာ ကြေညာလိုက်တဲ့ ၂၀၂၄ နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရရှိသူစာရင်းထဲမှာ မြန်မာအမျိုးသမီး ဒေါ်မဉ္ဇူဝင်းလည်း ပါဝင်ပါတယ်။ (Screenshot State Dept Website)

၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာ အမျိုးသမီးသတ္တိရှင်ဆု ရသူစာရင်းကို အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၁ ရက်နေ့မှာ ကြေညာလိုက်ပြီး မြန်မာအမျိုးသမီး ဒေါ်မဉ္ဇူဝင်းလည်း ဆုရရှိသူ စာရင်းထဲမှာ ပါဝင်ပါတယ်။

ဒေါ်မဉ္ဇူဝင်းဟာ ပြစ်မှုဆိုင်ရာ ရှေ့နေဖြစ်ပြီး အကူအညီလိုအပ်နေတဲ့ မြန်မာပြည်သူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေ၊ တိုင်းရင်းသားတွေ၊ မသန်စွမ်းသူတွေနဲ့ လိင်စိတ်ကွဲပြားသူတွေကို တရားရေးပိုင်းမှာ ကူညီပေးနေသူလည်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးပြီး မျှတတဲ့ တရားစီရင်မှု ချနိုင်အောင် ကူညီပေးနေသူအဖြစ်လည်း ဖော်ပြထားပါတယ်။ သူဟာ နိုင်ငံတာဥပဒေဖွံ့ဖြိုးရေးအဖွဲ့အစည်း IDLO မှာ ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး အခမဲ့ ရှေ့နေလိုက်ပေးတာအပါအဝင် ပြည်သူအယောက် ၅၀၀ ကျော်အတွက် တရားရေးပိုင်းမှာ ကိုယ်တိုင် ကူညီပေးထားတယ်လို့လည်း ဖော်ပြထားပါတယ်။

သူဟာ ၂၀၁၇ ခုနှစ်မှာ ဥပဒေအကူအညီပြုအဖွဲ့တခုကို တည်ထောင်ခဲ့ပြီး ဒီအဖွဲ့ကနေတဆင့် ဥပဒေရေးရာ ကျောင်းသားတွေ အခမဲ့ကူညီ ရှေ့နေလိုက်ပေးနိုင်ဖို့အတွက် သင်တန်းပေးနေပါတယ်။ မြန်မာနိုင်ငံတွင်း တရားဥပဒေရေးရာအကြောင်း အများပြည်သူ သိနားလည်အောင်လည်း အသိပညာမျှဝေပေးနေပြီး အလွတ်တန်းရှေ့နေတွေနဲ့ ပူးပေါင်းပြီးလည်း တရားရေးပိုင်း အကူအညီ အရေးတကြီးလိုနေသူတွေအတွက် ကူညီပေးနေကြောင်း ဖော်ပြထားပါတယ်။

ကမ္ဘာတဝှမ်း သူမတူတဲ့ ရဲစွမ်းသတ္တိရှိသူ၊ အားမန် ခိုင်မာသူ၊ ငြိမ်းချမ်းရေး၊​ တရားမျှတရေး၊ လူ့အခွင့်အရေး၊ ကျားမ တန်းတူညီမျှမှု ရှိစေရေးနဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို စိတ်ခွန်အားမြှင့်တင်စေရေး စတဲ့ အခန်းကဏ္ဍတွေမှာ ခေါင်းဆောင်မှု ရှိသူတွေကို ရွေးချယ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာနက နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆုကို နှစ်စဉ် ချီးမြှင့်တာ ဖြစ်ပါတယ်။

၁၈ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးသတ္တိရှင်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၄ ရက် တနင်္လာနေ့ သမ္မတအိမ်ဖြူတော်မှာ ကျင်းပမှာဖြစ်ပြီး သမ္မတ ကတော် Jill Biden နဲ့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken တို့က ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘဲလာရုစ်၊ ဘောစနီးယားနဲ့ ဟာဇီဂိုဗီးနား၊ ကျူးဘား၊ အီကွေဒေါ၊ ဂန်ဘီယာ၊ အီရန်၊ ဂျပန်၊ မော်ရိုကိုနဲ့ ယူဂန်ဒါ နိုင်ငံတွေက အမျိုးသမီးတွေကိုလည်း ဆုချီးမြှင့်ထားပါတယ်။

Forum

XS
SM
MD
LG