သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ထိုးစစ်နဲ့ သုံးသပ်သူတို့ အမြင် 


KIA တပ်သားများ (ယခင်မှတ်တမ်းပုံ)
KIA တပ်သားများ (ယခင်မှတ်တမ်းပုံ)

KIO ကချင်အဖွဲ့ တပ်အနေနဲ့ ထိုးစစ်စလိုက်တာက၊ ဌာနချုပ်လိုင်ဇာကို ကြိုကာလိုက်တာအပြင် ကျန်တိုင်းရင်းသားဒေသတွေက ထိုးစစ်တွေ နဲ့ အချိန်ကိုက် မဟာဗျုဟာကျတဲ့ စစ်ဆင်ရေးကြီးလို့ သုံးသပ်သူတွေက ဆိုပါတယ်။ စစ်ကောင်စီ ထောက်ကူအင်အားဖြည့်ဖို့ အားနည်းလာချိန် အရေးပါတဲ့ မြစ်ကြီးနား-ဗန်းမော်လမ်းမတလျှောက်ကနေ နယ်စပ်စီးပွားကုန်သွယ်ရေးအထိ ထိန်းနိုင်ဖို့လုပ်တာလို့လဲ သုံးသပ်သူတွေက ပြောပါတယ်။ ဘယ်လို ဆက်ဖြစ်နိုင်ပါလဲ။ ကိုဝင်းမင်းက မေးထားပါတယ်။


ဟုတ်ကဲ့၊ ဒီဖြစ်စဉ် လုပ်ရတဲ့အကြောင်းရင်းကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အခုလိုပြောပါတယ်။

"အဲဒီထိုးစစ်ဆင်တာကတော့ ကျွန်တော်တို့ လိုင်ဇာကို ချိန်းခြောက်တဲ့စခန်းတွေ၊ နောက် မြစ်ကြီးနား-ဗန်းမော်လမ်း တကြောလုံးမှာရှိတဲ့ လူထု‌တွေလည်း နှစ်ပေါင်း ၁၀ ကျော်ပေါ့နော်။ စစ်ဘေးဒုက္ခသည်တွေဖြစ်ကုန်တာ။ ဒါကြောင့် အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ခြံတွေယာတွေလုပ်ဖို့လည်း အဲဒီကားလမ်းဘက်မှာပဲရှိတယ်။ ကျွန်တော်တို့သွားရေးလာရေးကအစ အားလုံး သူတို့ချုပ်ထားတာ။ ဒါကြောင့် ပြည်သူလူထုလည်း အခက်အခဲတွေကြုံနေတဲ့ အချိန်ကာလဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လည်း နယ်မြေလုံခြုံရေးတွေပေါ့နော်၊ ရယူဖို့အတွက်ကြိုးစားတာဖြစ်ပါတယ်"

ဒီအပေါ် ရှမ်းနဲ့ကချင်ပြည်နယ်မှာ စစ်ရေးစောင့်ကြည့်နေတဲ့ စိုင်းထွန်းအောင်လွင်ကလည်း အခုလိုရှင်းပြပါတယ်။

"ဒီတရုတ်နယ်စပ်တလျှောက်နဲ့ ကချင်ပြည်နယ်ထဲကနေဖြတ်ပြီးတော့ ကုန်သွယ်ရေးလမ်းကြောင်းတွေတို့ တရုတ်ရင်းနှီးမြှုပ်နှံမှုရှိတဲ့နေရာတွေမှာ သူ့အနေနဲ့ ပိုပြီးမှ စိုးမိုးမှုရဖို့ ကြိုးစားလာတယ်ပေါ့နော်။ တဖက်မှာလည်း သူ့ရဲ့နယ်မြေလုံခြုံရေးနဲ့လည်း သက်ဆိုင်တယ်၊ ဥပမာ လိုင်ဇာတို့ မိုင်ဂျာယန်တို့က တရုတ်နယ်စပ်ထဲမှာရှိတော့ အဲဒါနဲ့နီးတဲ့စခန်းတွေမှာလည်း လုံခြုံရေးအရ ကောင်းမွန်အောင်ပေါ့နော် "

ဒါ့အပြင် ဒီထိုးစစ်စတာရဲ့ တခုလုံးအခြေအနေကိုလည်း KNDF ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ဥက္ကဋ္ဌခွန်ဘီထူးက အခုလိုပြောပြပါတယ်။

"ကချင်ပြည်နယ်မှာဖြစ်ပေါ်နေတဲ့ စစ်ပွဲက အခုမှ ရုတ်တရက်ထဖြစ်တဲ့စစ်ပွဲတော့မဟုတ်ဘူး၊ တနိုင်ငံလုံးရဲ့စစ်ဆင်ရေးအခြေအနေတွေ ပြင်ဆင်မှုအခြေအနေတွေ ပေါင်းစပ်ပြီးမှ တိုက်ပွဲတွေဖြစ်ပေါ်ရတယ်။ တိုင်းရင်းသားခေါင်းဆောင်တွေက စစ်ကောင်စီကိုရင်ဆိုင်တိုက်ပွဲတိုက်ရတဲ့ အကြောင်းရင်းက နံပတ် ၁ ကတော့ အာဏာရှင်စနစ်ကို အပြတ်ချေမှုန်းနိုင်ဖို့ နေရာတိုင်းမှာ စနစ်တကျပြင်ဆင်ပြီးမှ တိုက်ပွဲကို ဆင်တဲ့အနေအထားမျိုးဖြစ်တယ်။ ဒုတိယတချက်ကတော့ တိုင်းရင်းသားတွေအားလုံးလိုလားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီပေါ်ပေါက်ဖို့အတွက်ပေါ့နော် တည်ဆောက်ရမှာဖြစ်တယ်။ ကိုယ့်ရဲ့ ပြည်နယ်ကိုယ့်ရဲ့ဒေသအလိုက်ပေါ့နော် တိုက်ပွဲတွေဆင်နိုင်ဖို့ကို လုပ်ဖို့လိုတယ်။ အဲဒီအတွက်ကြောင့် ကချင်ပြည်နယ်မှာသော်လည်းကောင်း၊ ရခိုင်ပြည်နယ်မှာသော်လည်းကောင်း ကိုးကန့်တွေ တခြားသော တအာဝ်းပဲဖြစ်ဖြစ်ပေါ့နော် တိုက်ပွဲတွေ ဆင်လာခဲ့တယ်။ ကရင်မှာကော ကရင်နီမှာကော။ အခုမွန်မှာ ပြန်ပြီးမှ တိုက်ပွဲပေါ်လာတာကလည်း မွန်ပြည်နယ်ရဲ့ ဒေသန္တရအုပ်ချုပ်ရေးတွေကို ရအောင် ယူနိုင်ဖို့အတွက် တိုက်တဲ့တိုက်ပွဲဖြစ်တယ်ပေါ့နော်။"

အခုလိုအချိန်ကြီးမှာ ထိုးစစ်ဆင်ရတာရဲ့ ထူးခြားမှုကိုလည်း စိုင်းထွန်းအောင်လွင်က အခုလိုရှင်းပြပါတယ်။

"ချိန်သားကိုက်လုပ်တာပေါ့နော်။ ၁၀၂၇ မှာ စစ်ရေးအရ အပစ်ရပ်စဲတာတွေ ငြိမ်သွားတော့ ကျန်တဲ့တားဂတ်တွေက စစ်ကိုင်းတိုင်းတို့ ကချင်နယ်စပ်တို့ဖြစ်လာမလားဆိုတဲ့ ဒီဟာတွေကို မဖြစ်အောင်ထိန်းချုပ်လိုတဲ့သဘောပေါ့ဗျာ။ ဥပမာအားဖြင့်ကတော့ ဗန်းမော်ဆိုရင် မံစီပတ်ဝန်းကျင်က အဓိကကျတဲ့ မန္တလေး-ဗန်းမော် လမ်းပေါ်ကနေရာတွေကို သူထိန်းပစ်လိုက်တယ်။ မိုးမိတ်-မံစီလမ်းပေါ်ကနေရာတွေ ထိန်းထားတာရှိတယ်။ နဂိုလမ်းဟောင်းမှာကျတော့ မြတောင်တို့ သပိတ်ကျင်းအပေါ်ပိုင်းထီးချိုင့်အရှေ့ဖက်ခြမ်းမှာ သူသွားလို့မရတော့တဲ့ နေရာတွေရှိတယ်ပေါ့နော်။ ဒီနေ့ဆိုရင် ဒေါ့ဖုန်းယန်ကျသွားတဲ့အတွက် တကယ်လို့ မံစီကျသွားရင် ဗန်းမော်က ကွက်ကွက်လေးပဲကျန်တဲ့မြို့ဖြစ်သွားမှာပေါ့နော်"

ဒါပေမယ့် ဒေါ့ဖုန်းယန်ကျတာကို အတည်မပြုနိုင်သေးဘူလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

"ဒေါ့ဖုန်းယန်နဲ့ပတ်သတ်လို့တော့နော် ပြောတော့ပြောကြပါတယ်။ ဒါပေမဲ့ အတည်ပြုဖို့တော့ စောပါတယ်နော်။ ခါရာတောင်နဲ့ ဘုံရယ်တောင်ကတော့ အခု ကျွန်တော်တို့လည်း တိုက်နေတုန်းပဲဖြစ်ပါတယ်။"

၁၀၂၇ စစ်ဆင်ရေးစတုန်းက မဟာဗျူဟာနဲ့နှိုင်းယှဉ်ပြီး စိုင်းထွန်းအောင်လွင်က အခုလိုသုံးသပ်ပြပါတယ်။

"၁၀၂၇ တုန်းကတော့ နောင်ချိုနားထိ ဖြတ်တာကိုးနော့်။ ဂုတ်ထိပ်တို့ ဂုတ်တွင်းတို့နားအထိဖြတ်တာကိုး။ ဒီဘက်မှာကျတော့ အောက်ဖက်မှာ အရေးပါတဲ့ဗျူဟာတွေ ဘာတွေရှိတယ်။ မိုးမိတ်တို့ဘာတို့မှာ ထိတွေ့တယ်။ နောက် ထီးချိုင့်တို့ဘာတို့ပေါ့နော်။ ထီးချိုင့်၊ မိုးမိတ်၊ သပိတ်ကျင်းမြောက်ပိုင်းတို့ဘာတို့ကတော့ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ ကချင်ပေါ့လေ အဲဒီဒေသ လေးခုရဲ့ စုံရပ်လိုသွားဖြစ်တာပေါ့နော်။ ဧရာဝတီနဲ့ ရွှေလီမြစ်ရိုးမှာ ထိန်းနိုင်အောင် သူတို့လုပ်တယ်။ နောက်တခုက ဒီမံစီနဲ့ နမ့်ခမ်းကြားပေါ့နော်။ တရုတ်နယ်စပ်သွားတဲ့ လမ်းတွေကို ထိန်းနိုင်အောင်လုပ်တဲ့သဘောတွေ့ရတယ်။ ဗန်းမော်နဲ့ လွယ်ဂျယ်ကြားထဲလည်း မိုးမောက်တို့ဘာတို့ ဖြတ်ပြီးသွားတဲ့ကြားထဲလည်း တော်တော်လေးပြန်ထိန်းချုပ်လာနိုင်တဲ့သဘော တွေ့ရတယ်ပေါ့နော် မံစီနဲ့နမ်းခမ်းကြားထဲဆို တော်တော်များများသိမ်းပြီးသွားပြီ။ မံစီကိုသိမ်းလိုက်ရင် တပ်မတော်က ၁၀ နှစ်ကျော် ပိတ်ထားခဲ့တဲ့လမ်းက ပြန်ပွင့်သလိုဖြစ်သွားမှာပေါ့ KIA ထိန်းချုပ်မှုအောက်မှာ"

ဒါ့အပြင် KIA အနေနဲ့ ကချင်က လီဆူးနဲ့ ရှမ်းနီပြည်သူ့စစ်တွေကို မထိရောက်အောင် ထိန်းထားနိုင်တယ်လို့ စိုင်းထွန်းအောင်လွင်က ဆက်ထောက်ပြပါတယ်။ ဒီအပေါ် စစ်ကောင်စီပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG