သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ KIA တိုက်ပွဲ ဆက်လက်ပြင်းထန်


ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)
ကချင်ပြည်နယ် မံစီမြို့နယ်ရှိ စီခမ်းကြီးတပ်စခန်းကို သိမ်းပိုက်ခဲ့ကြောင်း KIA နဲ့ ပူးပေါင်းတပ်ထုတ်ပြန် (ဖေဖော်ဝါရီ ၂၀၊ ၂၀၂၄)

စစ်ကောင်စီက မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ ဆွေးနွေးနေချိန်မှာပဲ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပါတယ်။ မံစီမြို့နယ် မဂျီဂုံရွာရှိ စစ်ကောင်စီတပ်စခန်း ၃ခုကို KIA က သိမ်းယူလိုက်ပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့သလို ဒေသတွင်းမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစည်သူ တင်ပြထားပါတယ်။

တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တို့ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေချိန်မှာပဲ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာပါ။ တနင်္ဂနွေနေ့ ညနေပိုင်းမှာ မံစီမြို့နယ်က တပ်စခန်းအချို့ကို KIA က သိမ်းယူလိုက်တယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အတည်ပြုပြောခဲ့သလို ဒီနေ့ မနက်ပိုင်းမှာလည်း သူတို့ တပ်စခန်းအချို့ကို စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေကြောင်း VOA ကို ပြောပါတယ်။

“ မံစီမြို့နယ်ဘက်က မဂျီဂုံ တပ်စခန်းကိုတော့ မနေ့က မတ်လ ၃ရက်နေ့မှာပေါ့နော်။ ညနေ ၅နာရီ၊ ၆နာရီအချိန်လောက်မှာ ကျနော်တို့ KIA ဘက်က သိမ်းပိုက်လို့ ရပါပြီ။ စခန်းကတော့ ဗျူဟာကုန်းနဲ့ ကာကင်းအဖွဲ့တွေကတော့ ၃ခုလောက်ရှိမယ်ထင်တယ်။ တပ်ရင်းကတော့ ၃ခုတောင်ရှိတယ်။ အဲဒီနားမှာ။ တိုက်တာကတော့ ၃ရက်၊ ၄ရက်နေ့လောက်မှာ သိမ်းလို့ ရတာပေါ့။ ဒီနေ့ကတော့ တိုက်ပွဲကတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဒီမနက် အစောကြီးပေါ့နော် ။ ၃နာရီ ဝန်းကျင်လောက်မှာတော့ ကျနော်တို့ တပ်ရင်း ၁၂ တပ်စခန်းဘက်မှာ စကစက လေကြောင်းနဲ့ ဗုံးလာကြဲတဲ့အခြေအနေတော့ ရှိပါတယ်။”

KIA ရဲ့ တပ်ရင်း ၁၂ဟာ မံစီမြို့နယ်အတွင်းမှာ တည်ရှိတာဖြစ်ပါတယ်။ ဒီနှစ်ပိုင်းအတွင်း မံစီမြို့နယ်အတွင်းက မံဝိန်းကြီး၊ ဘလောင်ဒိန်ဆာ၊ ကိုက်ထိပ်၊ဂေါ်ငူယန်၊ စီခမ်းကြီး စတဲ့စခန်းတွေကို KIA က သိမ်းယူထားပါတယ်။ ဒီရက်ပိုင်းမှာတော့ ဖားကန့်မြို့နယ် တာမခန်ဘက်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေကြောင်းလည်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ ဖားကန့်ဘက်က အခြေအနေကတော့ အခုက တိုက်ပွဲက ဆက်ဖြစ်နေတုံးပဲဖြစ်ပါတယ်။ ဟို တာမခန် စခန်းတွေကို သိမ်းလို့ကတော့ မရသေးဘူး။ တိုက်ပွဲကတော့ ဆက်ဖြစ်နေတုံးဖြစ်ပါတယ်။ ဒီနေ့လည်း ဂျက်ဖိုက်တာနဲ့ ဗုံးလာကြဲတဲ့အနေအထားတော့ ရှိပါတယ်။ ရင်း ၁၁ဘက်မှာလည်း ဒီမနက် အစောကြီးပေါ့ ၃နာရီ နည်းနည်းကျော်အချိန်မှာ လေကြောင်းနဲ့ ဗုံးလာကြဲတာရှိပါတယ်။ မြစ်ကြီးနားခရိုင်ဘက်မှာ။ ရင်း ၁၂မှာလည်း တိုက်ပွဲမရှိဘူး။ ၁၁မှာလည်း တိုက်ပွဲမရှိဘူး။ ”

တာမခန်တိုက်ပွဲဟာ ဖေဖော်ဝါရီလ ၂၇ရက်နေ့က စတင် တိုက်ပွဲဖြစ်ပွားပြီး KIA ပူးပေါင်းတပ်တွေက ရဲစခန်းကို သိမ်းယူခဲ့တဲ့နောက် စစ်ကောင်စီ တပ်စခန်းကို ဆက်လက် တိုက်ခိုက်နေတာပါ။ ဖားကန့်ဒေသခံတဦးကတော့ ဒီရက်ပိုင်းမှာ တာမခန်က ရပ်ကွက် ၄ခုလောက် မီးရှို့ခံနေရကြောင်း ပြောပါတယ်။

“ ကျနော်လည်း ဒီမှာ စစ်ရှောင်ခဲ့တာပဲ။ ကျနော်လာတုံးကတော့ ပထမ ပစ်လို့ခတ်လို့ ထိတာက တအိမ် နှစ်အိမ်ပဲရှိတယ်။ အခုကတော့ ရပ်ကွက် ၃လည်းရှို့တယ်။ ရပ်ကွက် ၁လည်းရှို့တယ်၊ အခုက ရပ်ကွက် ၅ ၊ ရပ်ကွက် ၇လည်း ရှို့ပြီတဲ့။ စစ်တပ်ကြီးပေါ်မှာ အထပ်ထပ် ဝိုင်းထားတာက စစ်တပ်က တယောက်မှ မထွက်လာဘူး။ ကျနော်တို့ကို လာမောင်းထုတ်တာလည်း PDF နဲ့ KIA တွေပဲ။ ရွာထဲမှာလည်း သူတို့ပဲ ရှိတာပဲ။ အဲဒါ ဘယ်သူရှို့တယ်ဆိုတာ ဆရာစဉ်းစားလိုက်တော့။ လေကြောင်းက တခါ တခါ လာကြဲတယ်။ မနေ့က ကျနော် အသံကြားနေတာပဲ ဗုံးလာကြဲတာ။ ”

ဒေသတွင်း သတင်းမီဒီယာအချို့ကတော့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီပြည်သူ့စစ်တပ်တွေက မီးရှိုတာဖြစ်ကြောင်း ဖော်ပြကြပါတယ်။ အခြားဖားကန့်ဒေသခံတစ်ဦးကတော့ စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၂၇ရက်နေ့က စတင်ပြီးနေ့စဉ်ဆိုသလို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ တာမခန်အပြင် ဟောင်ပါးရွာကပါ စစ်ရှောင်နေရကြောင်း ပြောပါတယ်။

“ ဗုံးကတော့ တရက်၊နှစ်ရက်ပဲ လွတ်သေးတယ်ထင်တယ်။ မနေ့ကရော၊ ဒီနေ့ရော ပြန်ကြဲတာပဲ။ ခုမနက်တောင် ၂ခေါက်လာသွားတယ်။ ဟောင်ပါးပဲ ပြေးရသေးတယ်ဗျ။ နန့်ပါဟုတ်တို့ဘာတို့က မပြေးရသေးပါဘူး။ အဲဒီဘက်မှာတော့ စစ်ရှောင်တွေပေါ့ ရှောင်နေကြတာ။ လူကတော့ များတယ်နော် ၂ထောင်၊ ၃ထောင်လောက်ရှိမယ်ထင်တယ်။ ”

ကချင်ပြည်နယ်က တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ လတ်တလော စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။ တာမခန်တိုက်ပွဲဟာ ဖေဖော်ဝါရီလ ၂၆ရက်နေ့က စတင် ဖြစ်ပွားပြီး KIAနဲ့ KPDF ပူးပေါင်းတပ်တွေက ၂၇ရက်နေ့မှာ ရဲစခန်းကို သိမ်းယူခဲ့တဲ့နောက် စစ်ကောင်စီ တပ်စခန်းကို ဆက်လက် တိုက်ခိုက်နေတာ တပတ်ကျော်ကြာမြင့်လာပြီ ဖြစ်ပါတယ်။ ဖားကန့်မြို့နယ်က ဝှေခါနဲ့ နန့်တိန်း တပ်စခန်းတွေကိုတော့ ဒီနှစ်ဆန်းမှာ KIA ပူးပေါင်းတပ်တွေက သိမ်းယူထားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG