သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ဒေသ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


ယခင်မှတ်တမ်းရုပ်ပုံ | တောတွင်းတနေရာက ကချင်လွတ်မြောက်ရေး (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | တောတွင်းတနေရာက ကချင်လွတ်မြောက်ရေး (KIA) တပ်သားများ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် တာမခန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေ အကြားတိုက်ပွဲပြင်းထန်နေပြီး ရဲစခန်းကို သိမ်းယူလိုက်ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ဒေသခံအချို့ကတော့ ရဲစခန်းနဲ့ တပ်စခန်းကို ပါသိမ်းယူကြောင်းနဲ့ တိုက်ပွဲကြောင့် တာမခန်နဲ့ အနီးအနားရှိ ကျေးရွာ ၃ရွာလောက်က ပြည်သူတွေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးရ စစ်ရေးသတင်းကို ကိုစည်သူ တင်ပြထားပါတယ်။

ဖားကန့်မြို့နယ် တာမခန်ရွာက ရဲစခန်းနဲ့ စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက တနင်္လာနေ့ ညနေပိုင်းက စတင်ပြီး တိုက်ခိုက်နေတာပါ။ ဒီကနေ့မနက်မှာတော့ တာမခန် ရဲစခန်းကို သိမ်းယူလိုက်ပြီး စစ်တပ်ကုန်းကို ဆက်လက်တိုက်ခိုက်နေကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို ပြောပါတယ်။

“ တာမခန် စခန်းကို ကျနော်တို့ KIA နဲ့ KPDF ပူးပေါင်းအဖွဲ့တွေပေါ့။ ဒီမနက်ကနေ ဝင်တိုက်တာ။ ဆိုတော့ အခုတော့ မြို့ထဲက တာမခန်က ရဲစခန်းကိုတော့ သိမ်းလို့ ရပြီတဲ့။ တပ်စခန်းကိုတော့ ဆက်ပစ်နေတယ်တဲ့။ ဆက်ထိုးနေတယ် အဲလောက်ပဲ ကြားပါတယ်။ စကစဘက်ကတော့ လေကြောင်းနဲ့လည်း လာတယ်လို့ ပြောတယ်။ လောလောဆည်အခြေအနေ အဲလောက်ပဲ ကြားရပါတယ်။”

တာမခန်ဒေသခံတဦးကတော့ ဒီကနေ့ ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“ အခုတင်လေး ခုနတင်က ဖုန်းဝင်ခဲ့တာတော့ စစ်တပ်ကုန်း သိမ်းလိုက်ပြီလို့ ပြောခဲ့တယ်။ ရဲစခန်းကုန်းက ပထမသိမ်းလိုက်တယ်။ စစ်တပ်ကုန်း သိမ်းလိုက်ပြီလို့တော့ ကြားတယ်ဗျ။ တာမခန်မှာပဲ စစ်တပ်ကုန်းရယ်၊ ရဲစခန်းရယ်ရှိတာလေ။ မနေ့က သိမ်းတယ်ဆိုတာ မဟုတ်ဘူး။ ဒီနေ့မှ သိမ်းတာ။ သိမ်းတယ် မီးရှို့တယ်။ တချို့က စစ်သုံ့ပန်းအနေနဲ့ ဖမ်းထားတယ်ဆိုလား။ အရှင်လည်း မိတယ်လို့ ပြောတယ်။ လောလောဆည် ရဲကတော့ ၁၂ယောက်လောက် လက်နက်ချသွားတာ။ စစ်သားကတော့ မပြောတတ်ဘူးဗျ။ ”

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းက ၁၀ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မနက်ပိုင်းကတော့ လေယာဉ်တစီး မီးခိုးထွက်ပြီး မောင်းနှင်သွားတာ တွေ့ရကြောင်းနဲ့ ကျေးရွာအချို့က ပြည်သူတွေလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရကြောင်း အခုလို ဆက်ပြောပါတယ်။

“လေယာဉ်က ၁၂ခေါက်လောက်ရှိမယ်နော။ တော်တော်များတယ်။ မနေ့က ၄ခေါက်။ ဒီနေ့ ၇ခေါက် ၂စင်း၊ ၂စင်းလာတာ။ လေယာဉ်က မီးခိုးထွက်တာက သူကျည်ဆံထိလို့ ထွက်တာလား ဘယ်လိုလဲတော့ မသိဘူး။ မီးခိုးတော့ ထွက်သွားတယ်။ ကျနော့ ရှေ့တင်ပဲ။ စစ်ရှောင်တွေက ၄- ၅ရွာတော့ ရှောင်လိုက်ရတယ်။ ရွာနဲ့ လွတ်တဲ့နေရာတွေပေါ့။ တာမခန်ရယ်၊ ခိုမရယ်၊ နန့်စဘိန်း၊ မှော်လုံ၊ နတ်ရေတောင်၊ နောက် ခေါက်ခေါ်တို့ ဘာတို့ ရှိသေးတယ်။ မနေ့က မနက်ပိုင်းကနေ စပြီးမှ ညနေပိုင်းအထိ ညနေ ၄နာရီခွဲလောက်ကျတော့ တိုက်ပွဲဖြစ်တော့တာလေ။ ”

သတင်းမီဒီယာအချို့မှာလည်း တိုက်ပွဲအတွင်း KIA ဘက်က ပစ်ခတ်တာကြောင့် စစ်ကောင်စီရဲ့ လေယာဉ်တစီး ထိမှန်သွားကြောင်း ဖော်ပြတာတွေရှိပါတယ်။ KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူကတော့ စစ်ကောင်စီရဲ့ တာမခန် တပ်စခန်းသိမ်းယူတာနဲ့ လေယာဉ်ထိမှန်တယ်ဆိုတဲ့သတင်းကို အတည်မပြုနိုင်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၄ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်တွေဟာဆင်ဘိုမြို့ရှိ ခလရ ၁၄၁ တပ်စခန်းကို တိုက်ခိုက်တာတွေ ရှိခဲ့ပြီး ဒီရက်ပိုင်းမှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။ လောလောဆည်မှာ စစ်ရေးတင်းမာနေဆဲရှိနေတာကြောင့် ဒေသခံတွေက လေကြောင်းက တိုက်ခိုက်မှာစိုးရိမ်ပြီး တိမ်းရှောင်တာတွေလည်း ရှိနေပါတယ်။ KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဒီနှစ်ဆန်းပိုင်းက စတင်ပြီး ကချင်ပြည်နယ်က စစ်ကောင်စီတပ်စခန်းတွေကို ခပ်စိပ်စိပ် တိုက်ခိုက်လာရာမှာ ဖားကန့်မြို့နယ်ရှိ နန့်တိန်းနဲ့ ဝှေခါ တပ်စခန်းတွေကို သိမ်းပိုက်ခဲ့သလို မံစီမြို့နယ်က စီခမ်းကြီး စခန်းကိုလည်း သိမ်းယူတာတွေ ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG