သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ် အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကို KIA တိုက်ခိုက်


ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်
ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ်ရုံးစိုက်ရာ ကချင်ပြည်နယ် လိုင်ဇာမြို့ကို Google Earth မြေပုံမှ တွေ့ရစဉ်

ကချင်ပြည်နယ် ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ်အတွင်း မြစ်ကြီးနား - ဗန်းမော် လမ်းတလျှောက်က စစ်ကောင်စီတပ်စခန်းတွေကို ဒီကနေ့မနက် အစောပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဘက်ကလည်း KIA ဌာနချုပ် လိုင်ဇာဘက်ကို လက်နက်ကြီးနဲ့ တုံ့ပြန်ပစ်ခတ်တာတွေရှိသလို တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို လေကြောင်းက တိုက်ခိုက်တာတွေရှိနေကြောင်း KIA ကပြောပါတယ်။ ကချင်ပြည်နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး ကိုစည်သူ တင်ပြထားပါတယ်။

၂၀၂၃ ခုနှစ် ဇူလိုင်လဆန်းက စတင်ပြီး KIA ဌာနချုပ်လိုင်ဇာဒေသကို စစ်ကောင်စီက စစ်အင်အားဖြည့်တင်းပြီး ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ရာမှာ ဒီကနေ့မနက်မှာတော့ လိုင်ဇာအနီးတပ်စခန်းတွေနဲ့ မြစ်ကြီးနား - ဗန်းမော်လမ်းတလျှောက်က တပ်စခန်းတွေကို KIA ဘက်က တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့အခြေအနေကို KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ ဒီမနက် ၆နာရီ ဝန်းကျင်ကနေ တိုက်ပွဲတွေ ရှိပါတယ်။ မြစ်ကြီးနား- ဗန်းမော် ကားလမ်းတကြောလုံးမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း တော်တော်များများမှာ တိုက်ပွဲတွေ ရှိပါတယ်။ နောက် လိုင်ဇာဘက်မှာလည်း စကစ ဘက်ကနေ ပစ်တဲ့ လက်နက်ကြီး ကျည်ဆံတွေလည်း ကျတာ ရှိပါတယ်။ လိုင်ဇာ ရပ်ကွက် ၁ ဘက်မှာ ကျနော်တို့ ယူဆတာကတော့ နားဖော့တောင်ဘက်ကနေ လှမ်းပစ်တာလားမသိဘူး။ လက်နက်ကြီးကျည် ကျတယ်။ လူနေအိမ်တွေ ထိတယ်။ နောက်လူ ၂ ဦးကတော့ ဆုံးသွားတာရှိပါတယ်။ ”

ဒီနေ့ မွန်းလွဲပိုင်းအထိ ရရှိတဲ့သတင်းအရ လိုင်ဇာအနီးက စခန်းကြီးတွေမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေပြီး စခန်းကြီးတွေအနီးက ကာကင်းစခန်းတွေနဲ့ စခန်းငယ်အချို့ကို သိမ်းယူခဲ့တာရှိကြောင်း အခုလို ဆက်ပြောပါတယ်။

“ အဲဒီ ခယာဘွမ်တို့၊ ဘွမ်ရဲဘွမ်တောင်တို့ပေါ့နော်၊ အဲဒီဘက်မှာ စခန်းကြီးတွေကိုတော့ မသိမ်းဘူးထင်တယ်။ အခုထက်ထိကတော့၊ ပတ်ဝန်းကျင်မှာရှိတဲ့ သူတို့ရဲ့ ရှေ့တန်းကာကင်းတွေကိုတော့ သိမ်းတယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အသေးစိတ်ကတော့ ဘယ်နှစ်ခု သိမ်းတယ်ဆိုတာ အတိအကျတော့ မရသေးဘူးခင်ဗျ။ ဘွမ်ရဲတောင်တို့၊ ခယာတောင်တို့ဘက်မှာတော့ ဂျက်ဖိုက်တာတွေ လာဝဲတယ်ဆိုတာကတော့ သတင်းရပါတယ်။ ”

မိုးမောက်ဒေသခံတဦးကတော့ ဒီကနေ့မနက်မှာ မိုးမောက်မြို့နယ် ဒါဆိုင်းကနေ ဝိုင်းမော်မြို့နယ် အောင်မြေ ၁ နဲ့ ဝိုင်းမော်အထိ တိုက်ပွဲတွေ ဖြစ်ပွားနေကြောင်းပြောပါတယ်။

“ ဒီမနက် ၆နာရီခွဲကနေ ဒီ ဒါဆိုင်းကနေ ဟိုးဝိုင်းမော်အထိ မြစ်ကြီးနား(လမ်း)တလျောက် ချပြီနော်။ ဒါဆိုင်း၊ မြို့သစ်၊ ကုန်းလော၊ နောင်ဂွန်၊ နွယ်လန်း၊ ဒေါ့ဖုန်းယန်၊ ခါယာ၊ ဖွန်ပြန်ဘွမ်၊ အောင်မြေ၁၊ ဝိုင်းမော် ဒီမြစ်ကြီးနားလမ်းတောက်လျောက် ချပြီ။ အကုန်လုံး၊ အကုန်လုံး ဒီဘက်မှာရှိတဲ့ တပ်အကုန်လုံး ဒီမနက် ၆နာရီခွဲကနေ ချပြီ။ ဒေါ့ဖုန်းယန်ကနေ မြို့သစ်၊ ဒါဆိုင်းအထိကတော့ ချနေတုံးပဲ။ လေယာဉ်ပျံတောင် ဒါနဲ့ ဆို ၄ခေါက်လာပြီ။ အဲဒီမှာ ဗုံးလာကြဲတာလေ။ အခု အခု ပြန်လာပြီ။ ”

ကချင်ပြည်နယ်က အခုနောက်ဆုံး တိုက်ပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီက လတ်တလော သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

မိုးမောက်မြို့နယ် မြစ်ကြီးနား- ဗန်းမော်လမ်းတကြောရှိ ကျေးရွာတွေကတော့ ကားလမ်းအနောက်ခြမ်းက မုန်လိုင်ချောင်းဘက်က ကျေးရွာတွေဆီကို တိမ်းရှောင်နေကြောင်းလည်း ပြောပါတယ်။ ဝိုင်းမော်ဒေသခံတဦးကတော့ ဒီနေ့မနက် ၄နာရီခွဲကနေ စတင်ပြီး သေနတ်သံနဲ့ လက်နက်ကြီးသံတွေကြားရကြောင်းနဲ့ အောင်မြေ၁ ကို သိမ်းတယ်လို့ သိရကြောင်း ပြောပါတယ်။

“ ဒီမနက်ပိုင်းက သေနတ်သံတွေပဲ ကြားနေတယ်။ အောင်မြေ ၁၊ ၂ ၊ ရွှေညောင်ပင်မှာ အဲဒီတကြောလုံးမှာ တိုက်ပွဲတွေ ဖြစ်နေတာပေါ့။ လက်နက်ကြီးလည်း ကြားတယ်။ ဒီမနက် ကျနော် ကြားတာက ၄နာရီလောက်ကနေ ကြားတာ။ အခု ၁၀နာရီခွဲလောက်အထိ အဲလိုမျိုး လက်နက်ကြီးပဲ ကြားနေတာ။ အောင်မြေ ၁က သိမ်းတယ်လို့ ကြားတယ်။”

ဝိုင်းမော်ဘက်ကို စစ်ရှောင်အချို့ဝင်ရောက်လာတာ တွေ့ပေမဲ့ လူအများအပြားလာတာကိုတော့ မတွေ့ရကြောင်းနဲ့ မြစ်ကြီးနားဘက်ကနေ စစ်ကောင်စီတပ်က စစ်ကူကားအချို့ လိုင်ဇာဘက်ကို သွားတာတွေ့ရကြောင်း ပြောပါတယ်။ ဒေသတွင်း သတင်းမီဒီယာအချို့မှာကတော့ မြစ်ကြီးနား- ဗန်းမော်လမ်းတလျှောက် တိုက်ပွဲပြင်းထန်နေချိန်မှာပဲ မြစ်ကြီးနားလေတပ်စခန်းနဲ့ ဗန်းမော်လေယာဉ်ကွင်းတို့ တိုက်ခိုက်ခံရကြောင်း ဖော်ပြတာတွေရှိပါတယ်။

ဒီနှစ်နှစ်ဆန်းပိုင်းက စတင်ပြီး KIA က ကချင်ပြည်နယ်အတွင်းမှာ စခန်းသိမ်းတိုက်ပွဲတွေ ဖော်ဆောင်လာတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်တွေကတော့ ဖားကန့်နဲ့ မံစီမြို့နယ်က စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်၊ သိမ်းပိုက်တာတွေ ရှိခဲ့ရာက ဒီကနေ့မှာတော့ ဌာနချုပ်လိုင်ဇာအနီးက စစ်ကောင်စီတပ်စခန်းတွေကို တပြိုင်တည်း တိုက်ခိုက်လာတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG