သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၈၂ မြန်မာနိူင်ငံသားဥပဒေကို NUCC က ပယ်ဖျက်လိုက်တဲ့အတွက် မလေးရှားအကြံပေးအဖွဲ့က ချီးကျူး


၁၉၈၂ မြန်မာနိူင်ငံသားဥပဒေစာအုပ်အဖုံး (ဓါတ်ပုံ_Screenshot)
၁၉၈၂ မြန်မာနိူင်ငံသားဥပဒေစာအုပ်အဖုံး (ဓါတ်ပုံ_Screenshot)

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီရဲ့ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကနေ ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးရှားအကြံပေးအဖွဲ့က ကြိုဆိုကြောင်း ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီဥပဒေထဲမှာ ရိုဟင်ဂျာတွေအတွက် နိုင်ငံသားဖြစ်ခွင့် ကန့်သတ်ထားတာ ပါဝင်နေပြီး အခုလို ခွဲခြားမှုပါဝင်နေတဲ့ ဥပဒေမျိုးကို ဖျက်သိမ်းဖို့ ဆုံးဖြတ်တာဟာ အားလုံးပါဝင်ပြီး ညီမ ျှမှုရှိတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ဆီ ဦးတည်နေတယ်လို့ မလေးအကြံပေးအဖွဲ့ ဥက္ကဌ Syed Hamid Albar က ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် ဒါဟာ ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာမယ့် အနာဂတ်မြန်မာပြည်အတွက် ဒီမိုကရေစီလုပ်ငန်း ပိုမိုခိုင်မာလာစေမယ့် အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ကြောင်းလည်း ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်မှု မထမ်းမနေရ ဥပဒေကို ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အပါအဝင် စုပေါင်း တိုက်ဖျက်ဖို့ ဒီညီလာခံကနေ မဟာဗျူဟာ ချမှတ်ခဲ့တာ အတွက်လည်း သဘောတူကြောင်း Sayed Hamid ကပြောပါတယ်။ ဒီညီလာခံက ချမှတ်ခဲ့တဲ့ရလဒ်တွေနဲ့ အကြံပြုချက်တွေအတွက် မြန်မာနိုင်ငံဆိုင်ရာ မလေးအကြံပေးအဖွဲ့က အသိမှတ်ပြုကြောင်းနဲ့ ဖယ်ဒရယ်ဒီမိုကရေစီ စာတမ်းပါ အချက်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ဦးဆောင် နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ဆွေးနွေးမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်မှာ ဖြစ်ကြောင်းလည်း မလေးအကြံပေးအဖွဲ့ရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဧပြီလ ၄ ရက်ကနေ ၉ ရက်ထိ ကျင်းပခဲ့တဲ့ ညီလာခံမှာ ကိုယ်စားလှယ် ၂၀၀ ကျော်နဲ့ အထူးဖိတ်ကြားထားသူတွေ လေ့လာသူတွေ စုစုပေါင်း ၄၀၀ ကျော် တက်ရောက်တဲ့ထဲမှာ အမျိုးသမီးက ၃၅ ရာခိုင်နှုန်းလောက် ပါဝင်နေတာကြောင့် ကျားမ တန်းတူမှုရှိတာကို ပြသနေကြောင်းနဲ့ ညီလာခံတက်ရောက်သူတွေထဲမှာ ရိုဟင်ဂျာ အများအပြားပါနေတာကြောင့်လည်း ခွဲခြားဆက်ဆံမှု မရှိတာကို ပြနေတယ်လို့ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG