သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား သိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီးယားစက်ရုံ အန္တရာယ်ကျရောက်နိုင်ခြေရှိ (ယူကရိန်းသမ္မတ)


ရုရှား သိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီးယားစက်ရုံ (ဇွန် ၁၆၊ ၂၀၂၃)
ရုရှား သိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီးယားစက်ရုံ (ဇွန် ၁၆၊ ၂၀၂၃)

ယူကရိန်းနိုင်ငံရဲ့ အဓိက နျူကလီးယား စွမ်းအင်စက်ရုံကို ရုရှားက သိမ်းပိုက်ထားတာက နျူကလီးယား ဓါတ်ရောင်ခြည် ဘေးအန္တရာယ်ဆိုး ကျရောက်နိုင်တဲ့ ခြိမ်းခြောက်မှုတွေ ဖြစ်စေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelensky က ဒီကနေ့ သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။ သမိုင်းမှာ အဆိုးရွားဆုံး နျူကလီးယား မတော်တဆမှုကြီး ဖြစ်ခဲ့တဲ့ ၁၉၈၆ ခုနှစ် Chernobyl နျူကလီးယား စက်ရုံ ပေါက်ကွဲမှု ၃၈ နှစ်ပြည့်တဲ့ နှစ်ပတ်လည်နေ့မှာ အခုလို သတိပေး ပြောဆိုသွားတာပါ။

ယူကရိန်းနိုင်ငံ တောင်ပိုင်းက Zaporizhzhia နျူကလီးယား စက်ရုံကို ရုရှားတပ်ဖွဲ့တွေက ယူကရိန်းကို စတင် တိုက်ခိုက်ခဲ့တဲ့ ၂၀၂၂ ခုနှစ် အစောပိုင်း ကာလကတည်းက သိမ်းယူထားတာပါ။ ဒေသတွင်း နှစ်ဘက်တိုက်ပွဲတွေ မကြာခဏ ရှိခဲ့သလို၊ ဥရောပရဲ့ အကြီးဆုံး နျူကလီးယား စက်ရုံကြီးဖြစ်တဲ့ ဒီနေရာမှာ နျူကလီးယား အန္တရာယ်သင့်အောင် လုပ်ဆောင်နေတယ် လို့ ဆိုပြီး တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲ ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

ရုရှား အကြမ်းဖက်သမားတွေက Zaporizhzhia နျူကလီးယား စက်ရုံကို ပြန်ပေးဆွဲထားတာ အခုဆိုရင် ရက်ပေါင်း ၇၈၅ ရက် ရှိသွားပြီလို့ ယူကရိန်း သမ္မတက လူမှုကွန်ရက်မှာ ဖော်ပြခဲ့ပါတယ်။ ဒီနျူကလီးယား စက်ရုံကို ယူကရိန်းက အပြည့်အဝ ပြန်လည် ထိန်းချုပ်ခွင့် ရဖို့အပြင် တခြားသော ယူကရိန်းနိုင်ငံတွင်းက နျူကလီးယား စက်ရုံတွေကိုပါ ရုရှားတိုက်ခိုက်တာ မခံရအောင် ကမ္ဘာကြီး တခုလုံးက ရုရှားကို ဖိအာ ပေး ပြောဆိုဖို့ တာဝန်ရှိတယ်လို့လည်း ယူကရိန်း သမ္မတက ဒီကနေ့ ပြောဆိုသွားပါတယ်။

ဒီနည်းကသာ နျူကလီးယား ဓါတ်ရောင်ခြည်သင့်နိုင်တဲ့ ဘေးအန္တရာယ်ဆိုးတွေ နောက်ထပ် မကြုံရအောင် တခုတည်းသော နည်းလမ်းလည်း ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Zelensky က Chernobyl နျူကလီးယား စက်ရုံ ပေါက်ကွဲမှု နှစ်ပတ်လည်နေ့မှာ သတိပေး ပြောဆိုခဲ့တာပါ။

လွန်ခဲ့တဲ့ ၃၈ နှစ် Chernobyl နျူကလီးယား စက်ရုံ ပေါက်ကွဲခဲ့ချိန်တုန်းက ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ ဥရောပတလွှား ပျံ့နှံ့ခဲ့ပြီး လူတွေ သန်းနဲ့ချီ ဘေးအန္တရာယ် သင့်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG