သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခတွင်း လိင်အကြမ်းဖက်မှုဆိုင်ရာ မြန်မာ့အခြေအနေ ဦးကျော်မိုးထွန်း တင်ပြ


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (ဓာတ်ပုံ UNSC video screenshot)
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း (ဓာတ်ပုံ UNSC video screenshot)

မြန်မာနိုင်ငံက ပဋိပက္ခတွေအတွင်းမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ပြုကျင့်မှု ခံရတာကနေ ကာကွယ်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အနေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လက်တွဲကာ အားထုတ် ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် လုံခြုံရေးကောင်စီမှာ ဧပြီလ ၂၆ ရက် (သောကြာနေ့)က ပဋိပက္ခတွေအတွင်း အတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို တားမြစ်နိုင်ဖို့ တံခါးဖွင့် စည်းဝေးရာမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက် မိန့်ခွန်းပြောခဲ့တာပါ။ “စစ်မဲ့နယ်မြေနဲ့ ကျား-မ အခြေခံ တုံ့ပြန်မှုဆိုင်ရာ လက်နက်ထိန်းချုပ်မှုကတဆင့် ပဋိပက္ခတွေအတွင်း လိင်အကြမ်းဖက်မှုတွေကို တားဆီးနိုင်ရေး” ခေါင်းစဥ်နဲ့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးခဲ့ကြတာပါ။

စစ်ကောင်စီကို သြဇာမခံတဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ၂၀၂၁ ခုနှစ်စပြီး စစ်အာဏာသိမ်းထားတဲ့ ကာလတလျှောက်မှာ အမျိုးသမီးတွေနဲ့ လူငယ်တွေဟာ အာဏာသိမ်းမှုကို ခုခံတွန်းလှန်နေတဲ့ တော်လှန်ရေးမှာ တက်တက်ကြွကြွနဲ့ ပါဝင်နေတာကြောင့် စစ်တပ်ရဲ့ ပစ်မှတ်ထားတာကို ခံနေရတယ်လို့လည်း အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

စစ်တပ်ဟာ ဆယ်စုနှစ်တွေနဲ့ချီ အဓမ္မပြုကျင့်ခြင်းကို စစ်လက်နက်တခုသဖွယ် အသုံးချခဲ့ပြီး အခုအခါ အမျိုးသမီးနဲ့ လူ့အခွင့်အရေး ကာကွယ်သူတွေဩာ စစ်တပ်က ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ တခြား အကြမ်းဖက်မှု ပုံစံအမျိုးမျိုးကြောင့် စိုးရိမ်ရမ်ဖွယ် အန္တရာယ်တွေကို အရင်ကထက် ပိုပြီး ဆိုးရွားစွာ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ် ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မှတ်တမ်းတွေ ပြုစုထားပြီး ဖြစ်တယ်လို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ လက်ရှိမှာ မှတ်တမ်းတွေအရ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှု အမျိုးမျိုးကြောင့် ပြည်သူ ၂.၈ သန်း ကျော် ပြည်တွင်းနေရပ်စွန့်ခွာနေရပြီး လူ ၁၉ သန်းဝန်းကျင်ဟာလည်း လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေသလို လူထုရဲ့ အိုးအိမ် ၈၅,၀၀၀ ကျော်ဟာလည်း မီးရှို့တာ ဒါမှမဟုတ် ဖျက်ဆီးတာခံခဲ့ရကြောင်း လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပါတယ်။

ကုလသမဂ္ဂ ရဲ့ လုံခြုံရေးကောင်စီ၊ လူ့အခွင့်အရေးကောင်စီတွေမှာ မြန်မာ့အရေး ပြောဆို ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဧပြီလဆန်းပိုင်းက တုံ့ပြန် ချက်ထဲမှာတော့ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအပေါ် ရှုထောင့်မျိုးစုံကနေ ဖိအားပေးနေပြီး ဒါက တဖက်သတ် ပြုမူတာ ဖြစ်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အထောက်အကူဖြစ်စေမှာ မဟုတ်ဘူးလို့ ချေပထားပါတယ်။

Forum

XS
SM
MD
LG