သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံ ပိုဆောင်ရွက်ဖို့ ထိုင်းတောင်းဆို


သင်္ကန်းညီနောင်မှ မြဝတီသို့ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကော်ဘရာစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက် (Photo: Cobra Column)
သင်္ကန်းညီနောင်မှ မြဝတီသို့ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ကော်ဘရာစစ်ကြောင်းမှ ကြားဖြတ်တိုက်ခိုက် (Photo: Cobra Column)

မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ဒေသတွင်း အဖွဲ့ ဖြစ်တဲ့ အာဆီယံ အနေနဲ့ ပိုပြီး တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ဆောင်ဖို့ ထိုင်းအစိုးရက သောကြာနေ့မှာ တောင်းဆိုလိုက်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့က ရက်သီတင်ပတ်တွေကြာ တိုက်ပွဲတွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ပြီး စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို အမြောက်အမြားဝင်လာခဲ့တာနဲ့ အတူ ထိုင်းအစိုးရက အခုလို တောင်းဆိုခဲ့တာပါ။

“ပိုမိုအားကောင်းတဲ့ အာဆီယံကို ကျွန်တော်တို့ မြင်ချင်ပါတယ်” လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Nikorndej Balankura က ပြောပါတယ်။ “လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖြစ်တဲ့ လာအိုနဲ့ မြန်မာ့အရေး ဆွေးနွေးနေတယ်” လို့လည်း သူက ဆိုပါတယ်။ “အတိုက်အခံနဲ့ စစ်တပ် ကြားက တိုက်ပွဲတွေဟာ မြဝတီ အထိရောက်လာနေပါပြီ။ ဒါက ထိုင်းနိုင်ငံနဲ့ အလွန့်အလွန်ကို နီးကပ်နေတာပါ။ အာဆီယံဘက်ကပိုပြီးတော့ လုပ်ဖို့လိုပါတယ်” လို့ Nikorndej က ပြောပါတယ်။

ထိုင်းအစိုးရက ဒီသတင်းပတ် အစောပိုင်းကတည်းက မြန်မာ့အရေး အာဆီယံ အစည်းအဝေး ကျင်းပဖို့ တောင်းဆိုနေတာပါ။ အစည်းအဝေးမှာ တော်လှန်ရေးအင်အားစုတွေနဲ့ ပိုပြီး ထိတွေ့ဆက်ဆံတဲ့ အရင် အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ လက်ရှိ ဥက္ကဋ္ဌ လာအိုနဲ့ လာမယ့် ၂၀၂၅ ခုနှစ်မှာ ဥက္ကဌ တာဝန်ရယူမယ့် မလေးရှား နိုင်ငံတို့ ပါ၀င်တဲ့ အလှည့်ကျ ဥက္ကဋ္ဌ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ trioca ယန္တရားနဲ့ ဆွေးနွေးကြဖို့ တိုက်တွန်းထားပါတယ်။

မြဝတီ အခြေအနေ ထိုင်း စောင့်ကြည့်
please wait

No media source currently available

0:00 0:06:10 0:00


၂၀၂၁ ခုနှစ် က ချမှတ်ခဲ့တဲ အာဆီယံ ဘုံသဘောတူညီချက်အရ မြန်မာ့အရေးမှာ တိုးတက်မှုတွေ ရှိစေဖို့ အာဆီယံ ဥက္ကဋ္ဌ အနေနဲ့ အထူးသံတမန် ခန့်အပ်ပြီး ဆောင်ရွက်ဖို့ ပါဝင်ပေမယ့် လက်ရှိ ဥက္ကဋ္ဌ လာအိုက ခန့်အပ်တဲ့ အထူးသံတမန်နဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို သတင်းထုတ်ပြန်တာမျိုး လက်ရှိမှာ များများစားစား မတွေ့ရသေးပါဘူး။

ထိုင်းနိုင်ငံကတော့ အခုလပိုင်းတွေထဲမှာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု ကိစ္စရပ်တွေ အပါအဝင် မြန်မာ ဘက်က တိုက်ပွဲ တွေက ထိုင်းနယ်စပ် အထိ ကျယ်ပြန့်လာလို့ မြန်မာ့အရေး ဆက်တိုက် လှုပ်ရှားနေတာ ဖြစ်ပါတယ်။

“ထိုင်းက တွေ့ဆုံဆွေးနွေးရေးကို တွန်းအားပေးပြီး ကြားခံစေ့စပ်ပေးချင်တဲ့ ဆန္ဒရှိကာ မြန်မာ့အရေးမှာ ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ချင်နေတယ်” လို့ ထိုင်းနိုင်ငံဆိုင်ရာ နိုင်ငံရေးကျွမ်းကျင်သူ Thitinan Pongsudhirak က ဗွီအိုအေကို ပြောပါတယ်။ “အာဆီယံ (အရှေ့တောင်အာရှနိုင်ငံများအသင်း) မှာ ဦးဆောင်တဲ့ နေရာကို ရရှိဖို့ ပိုပြီးကျယ်ပြန့်တဲ့ နိုင်ငံခြားရေးပေါ်လစီ ရည်မှန်းချက်ရှိကြောင်း” သူက သုံးသပ်ပါတယ်။ အခု အချိန်မှာ မြန်မာ့အရေးဟာ ထိုင်းနိုင်ငံအတွက် ထိပ်တန်းဦးစားပေးဖြစ်ပါတယ်” လို့ သူက သုံးသပ်ပါတယ်။


ဒါ့အပြင် ထိုင်းနဲ့ မြန်မာ ကြားမှာ စစ်ဘက်ဆက်ဆံရေးက ခိုင်ခိုင်မာမာ ရှိနေတယ်လို့လည်း Thitinan က ထောက်ပြပါတယ်။ အရင် ထိုင်း ကာကွယ်ရေး ဦး စီးချုပ်ဗိုလ်ချုပ်ဟောင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ် အစိုးရ လက်ထက်က ထိုင်းနဲ့ စစ်ကောင်စီ ကြား ဆက်ဆံရေး ပိုအားကောင်းခဲ့ပေမယ့် လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝိစင် (Srettha Thavisin) လက်ထက်မှာတော့ သက်ဆိုင်သူတွေ အားလုံးနဲ့ ပိုပြီး ထိတွေ့ဆက်ဆံမှုမှာ ပွင့်လင်းလာမယ် တယ်လို့ ယူဆကြောင်းက Thitinan က ပြပါတယ်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ် ပဋိပက္ခမှာ ထိုင်းစစ်တပ်ဘက်က နယ်စပ်တလျှောက် သိသိသာသာ လုံခြုံရေး အင်အားပြထားတာမျိုးကို အရင် ပရာယွတ် အစိုးရ လက်ထက်မှာ တွေ့မြင်ရမှာ မဟုတ်ဘူးလို့ Thitinan က နှိုင်းယှဥ်သုံးသပ်ထားပါတယ်။

Forum

XS
SM
MD
LG