သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် စာနာမှုအကူအညီတွေ ပိုပေးနိုင်အောင် ထိုင်း ကြိုးပမ်းနေ


ထိုင်းဝန်ကြီးချုပ် Srettha Thavisin
ထိုင်းဝန်ကြီးချုပ် Srettha Thavisin

လက်နက်ကိုင်ပဋိပက္ခတွေ ပြင်းထန်နေတဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပိုပြီး တိုးချဲ့ပေးနိုင်အောင် ထိုင်းအစိုးရက ကြိုးစားနေတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ Nikorndet Palankun က ဒီနေ့ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။ ဒီလို အကူအညီ ပေးနိုင်ဖို့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ တိုင်ပင်နေတယ်လို့လည်း ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောပါတယ်။ အလားတူ ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကလည်း ဗုဒ္ဓဟူးနေ့က နယူးဇီလန် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်အောင် ထိုင်းအစိုးရက ကြိုးစားနေတဲ့အကြောင်း ခုလို ပြောဆိုခဲ့ပါတယ်။

"မြန်မာဘက်ခြမ်းက မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာသူတွေ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်အောင် ထိုင်းက အသင့်ပြင်ထားပါတယ်။ ထိုင်းဘက်ကတော့ ဖြစ်လာနိုင်ခြေ အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားပါတယ်။” − လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နဲ့ ဘန်ကောက်မြို့မှာ တွေ့ဆုံအပြီး ကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ထိုင်းနိုင်ငံ တဘက်ခြမ်း မြန်မာဘက်က မြဝတီမြို့မှာ ပဋိပက္ခတွေ ပြင်းထန်နေတဲ့အပေါ် ထိုင်းအစိုးရက အနီးကပ် စောင့်ကြည့်နေတဲ့ အကြောင်းနဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်အောင် ပဋိပက္ခမှာ ပါဝင်နေသူ အားလုံး တွေ့ဆုံ ဆွေးနွေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက တိုက်တွန်း ပြောဆိုဖို့ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ထိုင်းအစိုးရဟာ ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးပတ်တုန်းကပဲ မြန်မာနိုင်ငံအတွင်းက ထွက်ပြေးလာတဲ့ ဒုက္ခသည် ၂ သောင်းအတွက် လူသားချင်းစာနာမှု အကူအညီတွေကို မဲဆောက်နဲ့ မြဝတီ အမှတ် ၂ ချစ်ကြည်ရေး တံတားကနေ ကြက်ခြေနီ အသင်းတွေကတဆင့် ပေးပို့ခဲ့ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေကြားမှာတော့ ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အစပျိုး အစီအစဉ်နဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ ရှိနေပေမဲ့ ထိုင်းအစိုးရကတော့ ကူညီပေးရေး အစီအစဥ်တွေ တိုးချဲ့သွားမယ်လို့ ပြောနေတာပါ။

ထိုင်းရဲ့ အကူအညီတွေဟာ စစ်ကောင်စီကို တရားဝင်မှု ပေးဖို့ လမ်းခင်းပေးတာမျိုး မဖြစ်သင့်ဘဲ၊ တိုင်းရင်းသား အဖွဲ့တွေနဲ့ အကူအညီပေးရေး အဖွဲ့တွေနဲ့ လက်တွဲဆောင်ရွက်ဖို့ လူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုကြပါတယ်။

မြန်မာအတွက် စာနာမှုအကူအညီတွေ ပိုပေးနိုင်အောင် ထိုင်း ကြိုးပမ်းနေ
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG