သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးမယ့် Thaksin ကမ်းလှမ်းချက် တိုင်းရင်းသားအဖွဲ့တွေ ပယ်ချ

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Hun Sen နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ကို အတူတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၄)
ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Hun Sen နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တို့ကို အတူတွေ့ရစဉ် (ဖေဖော်ဝါရီ ၂၁ ၊ ၂၀၂၄)

NUG ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရအပြင် တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra တွေ့ဆုံပြီး မြန်မာ့အရေးမှာ ကြားဝင် ကူညီ ဖြေရှင်းပေးဖို့ ကမ်းလှမ်းချက်ကို တိုင်းရင်းသားအဖွဲ့တွေဘက်က လက်မခံပယ်ချလိုက်ပါတယ်။

မတ်လနဲ့ ဧပြီလတွေအတွင်း NUG ကိုယ်စားလှယ်တွေအပြင်၊ ရှမ်းပြည်တောင်ပိုင်းတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယောဆဒ်၊ ကရင် KNU အဖွဲ့၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ၊ ကချင်အမျိုးသားအစည်းအရုံး (KNO) တို့က ကိုယ်စားလှယ်တွေနဲ့ ထိုင်း ဝန်ကြီးချုပ်ဟောင်း Thaksin တွေ့ဆုံခဲ့တာပါ။ ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆွေးနွေးနိုင်အောင် ကြားဝင်စေ့စပ်သူအဖြစ် ဆောင်ရွက်ပေးမယ်လို့ ဝန်ကြီးချုပ်ဟောင်း Thaksin ကမ်းလှမ်းခဲ့ပေမဲ့ တိုင်းရင်းသားအဖွဲ့တွေဘက်က လက်မခံဘူးလို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နီးစပ်သူတယောက်ရဲ့ အပြောကို The Nation သတင်းမှာ ဖော်ပြထားတာပါ။ အခုလို ထိုင်းဝန်ကြီးချုပ်ဟောင်း တိုင်းရင်းသားအဖွဲ့တချို့နဲ့ တွေ့ဆုံခဲ့တာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ခုလိုပြောကြားခဲ့ပါတယ်။

"ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းပေါ့ မစ္စတာသက်ဆင်နဲ့လည်း အရင်တုန်းက မြန်မာနိုင်ငံအစိုးရနဲ့ကော၊ တပ်မတော်နဲ့ကော ရင်းနှီးတဲ့ဆက်ဆံရေးရှိပါတယ်။ အခုကလည်း ထိုင်းနိုင်ငံနဲ့ပတ်သတ်ပြီး အစိုးရနှစ်ရပ်ချင်း၊ တပ်မတော်နှစ်ရပ်ချင်း ဆက်သွယ်ဆက်ဆံရေး အဆက်မပြတ်ရှိနေတာဖြစ်ပါတယ်။ အရင်ကတည်းကအတိုင်းလည်း ဆက်ဆံဆက်သွယ်ခဲ့တဲ့အစဉ်အလာရှိတယ်။ တိုင်ပင်ဆွေးနွေးရပ်တည်ခဲ့တဲ့အစဉ်အလာတွေရှိပြီးဖြစ်ပါတယ်။ "

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin က မြန်မာ့အရေး ကြားဝင်ပေးမယ်လို့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသားအဖွဲ့တွေကို ပြောခဲ့တယ်ဆိုပေမဲ့ သူ့အနေနဲ့ ဘယ်လိုအခန်းကနေ ကြားဝင်ပေးမှာလည်း ဆိုတာကိုတော့ မရှင်းလင်းပါဘူး။ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအကျိုးကို သူ့အဆို ဆန့်ကျင်ဖက် ဖျက်လို ဖျက်စီးလုပ်နေတဲ့ အဖွဲ့တွေကို အားပေးတဲ့ ပုံစံမျိုး မလုပ်သင့်ဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တိုက်ခိုက်နေကြတဲ့ထဲမှာ K3C လို့ ပြောကြတဲ့ KIA ကချင်အဖွဲ့၊ KNU ကရင်အဖွဲ့၊ KNPP ကရင်နီအဖွဲ့နဲ့ CNF ချင်းအဖွဲ့တို့နဲ့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet တွေ့ဆုံခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ခုလို တုံ့ပြန် ပြောကြားခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးစားဆောင်ရွက်နေကြတဲ့ K3C အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet ကသူ့ရဲ့ X လူမှုကွန်ရက်မှာ မတ်လ ၂၈ ရက်နေ့က ရေးသားခဲ့ပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အတချို့ကို ဖိတ်ခေါ် တွေ့ဆုံခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

Forum

XS
SM
MD
LG