သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ကွယ်လွန်


KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ကို အတူတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၄)
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းနဲ့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ကို အတူတွေ့ရစဉ် (မတ် ၂၀၊ ၂၀၂၄)

ကချင်လွတ်လပ်ရေး တပ်မတော် KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းဟာ တနင်္လာနေ့ ညနေ ၆နာရီကျော်မှာ လိုင်ဇာမြို့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဖွဲ့စည်းပြီးနောက်မှာ အမှတ် (၁) စစ်ဒေသမှုးအဖြစ်လည်း တာဝန်ယူပြီး စစ်ကိုင်းတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း အကြောင်းတစေ့တစောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုစည်သူက တင်ပြထားပါတယ်။

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းဟာ အသည်းရောဂါကို နာတာရှည်ခံစားနေရရာက မေလ ၁၃ရက်နေ့ ညနေပိုင်းမှာ ကွယ်လွန်သွားတာပါ။ KIA စစ်ဦးစီးချုပ်ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို အတည်ပြုပြောပါတယ်။

“ သူဆုံးသွားတာကတော့ ကျနော်တို့ ဌာနချုပ်မှာ ဖြစ်ပါတယ်။ ညနေ ၆နာရီ ၂၃လောက်မှာ ဖြစ်ပါတယ်။ နာတာရှည်ပေါ့။ ကြာပါပြီ သူဆေးရုံလည်း ၃- ၄ခေါက် တက်ပြီးမှ ကုသနေတာဖြစ်ပါတယ်။ အသည်းရောဂါနဲ့ဖြစ်ပါတယ်။ ”

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းဟာ စစ်ရေးအရ ထူးချွန်သူတယောက်ဖြစ်ကြောင်း ပြောဆိုပေမဲ့ သူကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ ဈာပနအခမ်းအနားကျမှဘဲ ထုတ်ပြန်သွားဖို့ ရှိနေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဟုတ်ကဲ့ သူကတော့ တိုက်ရေးခိုက်ရေးမှာလေ၊ တော်တော် ကျွမ်းကျွမ်းကျင်ကျင်ပေါ့။ အဲဒါလေးတွေ ရှိပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေကတော့ သူ့ရဲ့ ဈာပန အခမ်းအနားလောက်မှာပဲ အသေအချာပြန်ထုတ်ပြန်မှာ ဖြစ်ပါတယ်။ ”

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းဟာ ၁၉၈၈ခုနှစ်မှာ KIA မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာပါ။ ၂၀၁၆ခုနှစ်မှာ KIA ဒုတိယစစ်ဦးစီချုပ်ဖြစ်တဲ့ ဗိုလ်ချုပ် ဂွမ်မော်နေရာကို ဗိုလ်မှုးချုပ် အောင်ဆိုင်းလနဲ့အတူ ပူးတွဲ ခန့်အပ်ခံရပါတယ်။ ၂၀၂၃ခုနှစ်ဆန်းမှာတော့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နေရာမှာ အစားထိုး ခန့်အပ်ခံခဲ့ရတာပါ။

ကွယ်လွန်ချိန်မှာတော့ KIA စစ်ဦးစီးချုပ်တာဝန်အပြင် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ် (၁) စစ်ဒေသမှုအဖြစ်လည်း တာဝန်ယူခဲ့ပြီး မြောက်ပိုင်းတိုင်းဒေသကို တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ သူရဲ့ဈာပနအခမ်းအနားအစီအစဉ်ကိုတော့ မကြာမီ ရက်မှာ ထုတ်ပြန်သွားဖို့ ရှိနေပါတယ်။

KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ကွယ်လွန်
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG