KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ ဌာချုပ် လိုင်ဇာမှာ ကျင်းပခဲ့တယ်။ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းကွယ်လွန်သွားတာဟာ KIA အတွက် ဆုံးရှုံးမှု ကြီးပေမဲ့ KIA ရဲ့ စစ်ရေးစီမံချက်တွေကိုတော့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ စစ်ဦးစီးချုပ်အသစ်ကို ဗဟိုကော်မတီက ရွေးချယ်ခန့်အပ်ဖို့ ရှိနေကြောင်း KIA ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးထားပါတယ်။
KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းဟာ အသည်းရောဂါကို နှစ်ကာလအတန်ကြာ ခံစားရပြီး ဒီလ ၁၃ ရက်၊ တနင်္လာနေ့ ညနေက ကွယ်လွန်ခဲ့တာပါ။
သူရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့မနက်က စတင်ပြုကျင်းပပြီး ညနေ ၃နာရီလောက်မှာ ပြီးဆုံးခဲ့ကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။
“အခမ်းအနားကတော့ ဒီမနက်ကနေ လုပ်တာဖြစ်ပါတယ်။ အခုတော့ အားလုံး ပြီးစီးပြီဖြစ်ပါတယ်။ ကျနော်တို့ KIO အဖွဲ့အစည်းကနေတော့ ဒုဥက္ကဋ္ဌပေါ့၊ ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင် သူဦးစီးဦးဆောင်ပြီးမှ ဗဟို ကော်မတီဝင်တွေ အားလုံး ပါပါတယ်။ တခြားအဖွဲ့အစည်းထဲက လူကြီးတွေကတော့ မလာကြပါဘူး။ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ ရှိနေလို့ ထင်တယ်။ ဒါပေမဲ့ အဖွဲ့အစည်းအသီးသီးကနေ သဝဏ်လွှာတွေ ပို့ပြီးမှ ဝမ်းနည်းကြောင်းတွေပေါ့နော်။ အဲဒါတွေကတော့ တော်တော်များများက ပို့ကြပါတယ်။”
စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်း ကွယ်လွန်တာဟာ KIAအတွက် ဆုံးရှုံးမှုကြီးဖြစ်ပေမဲ့ သူရဲ့ လုပ်လက်စလုပ်ငန်းတွေကို ဆက်လုပ်သွားမှာဖြစ်ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။
“သူကတော့ အဓိက စစ်ပိုင်းဆိုင်ရာတွေကို တာဝန်ယူတယ်ဆိုတော့ အခုကျနော်တို့ စစ်ဆင်ရေးတွေလည်း လုပ်နေတဲ့အချိန်ကာလမှာ သူက ဆုံးသွားတယ်ဆိုတော့ ကျနော်တို့အတွက်က ဆုံးရှုံးမှုအကြီးကြီး တခုတော့ ဖြစ်ပါတယ်။ ဒါပေမဲ့ သူရဲ့ လက်စတွေကိုတော့ လုပ်သင့် လုပ်ထိုက်တာတွေကတော့ ကျနော်တို့ ဆက်လုပ်မှာဖြစ်ပါတယ်။ ရပ်ဆိုင်းသွားမှာကတော့ မဟုတ်ပါဘူး။”
ဒီကနေ့မှာတော့ KIA တပ်ဖွဲ့တွေက တနိုင်းမြို့နယ်က စစ်ကောင်စီရဲ့ နမ့်ဗျူတပ်စခန်းကို သိမ်းယူခဲ့သလို မိုးမောက်နဲ့ မံစီဒေသတွေမှာလည်း ထိုးစစ်တွေ ဆက်လက် ဆောင်ရွက်နေပါတယ်။
လက်ရှိမှာ စစ်ဦးစီးချုပ် အသစ် ရွေးချယ်ခန့်အပ်တာ မရှိသေးဘဲ ဒါကို ဗဟိုကော်မတီက ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ဆက်ပြောပါတယ်။
“ မရွေးသေးပါဘူး။ ဘယ်လောက်ကြာမလဲ၊ ဘယ်တော့ ရွေးမှာလဲ ဆိုတာကတော့ ကျနော်လည်း မသိဘူးပေါ့နော်။ ဒါ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက် ပေါ်မှာပဲ ရွေးခြယ်ရမှာ ဖြစ်ပါတယ်။”
လက်ရှိ KIA ရဲ့ ဒုစစ်ဦးစီးချုပ်တာဝန်ကို ဗိုလ်မှုးချုပ် အောင်ဆိုင်းလနဲ့ ဗိုလ်မှုးချုပ် နော်တောင်တို့ ပူးတွဲတာဝန်ယူထားတာလည်း ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့ ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းဟာ ၂၀၂၃ ခုနှစ် နှစ်ဆန်းမှာ KIA စစ်ဦးစီးချုပ် တာဝန်စတင် ထမ်းဆောင်ပြီး သူတာဝန်ယူစဉ်ကာလမှာ KIA အတွက် ကြီးမားတဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တယ်လို့ သုံးသပ်တာတွေလည်း ရှိပါတယ်။ တချိန်တည်းမှာတော့ သူဟာ အမျိုးသားညွှန့်ပေါင်းအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်ဒေသ ၁ မှုး အဖြစ်လည်း တာဝန်ယူပြီး မြန်မာပြည် အထက်ပိုင်းဒေသက PDF တပ်ဖွဲ့တွေကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။
ဒုဗိုလ်ချုပ်ကြီး ခေါင်လွန်းဈာပနအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကိုးကန့်၊ တအန်းနဲ့ ရခိုင်တို့ရဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့၊ NCA အပစ်ရပ် တိုင်းရင်းသားမဟာမိတ် ၇ဖွဲ့၊ ကျောင်းသားတပ်မတော် ABSDF ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO နဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ် ANC စတဲ့ အဖွဲ့တွေက ဝမ်းနည်းကြောင်း သဝဏ်လွှာတွေ ပေးပို့ခဲ့ပါတယ်။
Forum