သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒု-အကြီးအကဲ မြန်မာအတိုက်အခံတွေနဲ့တွေ့ဆုံ


ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဒုတိယအကြီးအကဲမစ္စတာ Komura Masahiro (ယာ)၊ IEC ဥက္ကဋ္ဌ ခူဦးရယ်(ဝဲ) KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း (လယ်)
ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဒုတိယအကြီးအကဲမစ္စတာ Komura Masahiro (ယာ)၊ IEC ဥက္ကဋ္ဌ ခူဦးရယ်(ဝဲ) KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း (လယ်)

တိုင်းရင်းသားအဖွဲ့တချို့ အပါအဝင် မြန်မာ အတိုက်အခံအဖွဲ့တချို့က ကိုယ်စားလှယ်တွေနဲ့ ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဒုတိယ အကြီးအကဲ မစ္စတာ Komura Masahiro ဒီကနေ့ မေလ ၁၄ ရက် မနက်ပိုင်းက တွေ့ဆုံခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်း အခြေအနေတွေနဲ့ ပတ်သက်တဲ့ အမြင်တွေဖလှယ်ပြီး အပြန်အလှန် ဆွေးနွေးခဲ့ကြတာ ဖြစ်သလို၊ မြန်မာနိုင်ငံ ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူ အားလုံးနဲ့ ထိတွေ့ဆက်ဆံပြီး လက်ရှိ အကျပ်အတည်းကို ကူညီဖြေရှင်းနိုင်အောင် ဂျပန်အစိုးရက ဆက်လက် ကူညီပံ့ပိုးသွားမယ့်အကြောင်း ဂျပန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဂျပန်အစိုးရနဲ့ ပြည်သူတွေက မြန်မာနိုင်ငံအပေါ် ဆက်တိုက် ကူညီပံ့ပိုးပေးလာတဲ့အပေါ် ကျေးဇူးတင်ကြောင်း တိုင်းရင်းသားအဖွဲ့တွေကလည်း ပြောဆိုခဲ့ကြပြီး မြန်မာ့အရေးမှာ ဂျပန်ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ပြောကြားခဲ့တယ်လို့လည်း ပြောပါတယ်။ မြန်မာ့အရေး ငြိမ်းချမ်းတဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေမှာ နီးကပ်တဲ့ အပြန်အလှန် ဆက်ဆံရေး ဆက်လက် ထားရှိသွားဖို့လည်း ဒီတွေ့ဆုံမှုအတွင်း အတည်ပြု ပြောဆိုခဲ့ကြတဲ့အကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆွေးနွေးတဲ့ အကြောင်းအရာ အသေးစိတ်နဲ့ ပါဝင်တဲ့အဖွဲ့အစည်းတွေ အတိအကျကိုတော့ ဖော်ပြမထားပါဘူး။

တွေ့ဆုံပွဲမှာ ပါဝင်သူတွေနဲ့ နီးစပ်သူတွေကတော့ ဒီကနေ့ တွေ့ဆုံမှုမှာ K3C လို့ အတိုကောက်ခေါ်တဲ့ မြန်မာစစ်ကောင်စီကို ဆန့်ကျင် တော်လှန်နေကြတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) အပြင် ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကိုယ်စားလှယ်တွေ ဂျပန်နိုင်ငံမှာ သွားရောက် တွေ့ဆုံခဲ့တဲ့အကြောင်း ပြောပါတယ်။

ဒီ K3C အဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့တုန်းကလည်း အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet နဲ့ တွေ့ဆုံ ခဲ့ပါသေးတယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးစား ဆောင်ရွက်နေကြတဲ့ K3C အဖွဲ့နဲ့ သူ တွေ့ဆုံခဲ့တယ်လို့ အတိုင်ပင်ခံ Derek Chollet က အဲ့ဒီအချိန်က X လူမှုကွန်ရက်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ စစ်ကောင်စီကတော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု နည်းပါးအောင် အမေရိကန်က နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG