သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန့်ဂေါမြို့နယ် ရွှေဘိုရွာ နေအိမ်ရာချီ မီးရှို့ခံရ


ဂန့်ဂေါမြို့နယ် ရွှေဘိုရွာမီးလောင်ကျွမ်းနေစဉ် (မေ ၁၆၊ ၂၀၂၄) (ဓာတ်ပုံ - ယောအလင်းတန်း)
ဂန့်ဂေါမြို့နယ် ရွှေဘိုရွာမီးလောင်ကျွမ်းနေစဉ် (မေ ၁၆၊ ၂၀၂၄) (ဓာတ်ပုံ - ယောအလင်းတန်း)

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေဟာ ကြာသပတေးနေ့က စစ်ကြောင်းနဲ့ ရွာတွေထဲကို ဝင်ပြီး နေအိမ်တွေ မီးရှို့ အရပ်သားတွေကို သတ်ဖြတ်ခဲ့ သလို မန္တလေးတိုင်း မြင်းခြံမြို့နယ်ထဲက ရွာရှည်ရွာမှာလည်း စစ်တပ်က အလားတူ သတ်ဖြတ်တာ မီးရှိုှု့တာတွေကြောင့် ဒေသခံရွာသားတွေ မကွေးတိုင်းထဲ ထွက်ပြေးခိုလှုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေး မတည်ငြိမ်တဲ့ မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက အခြေအနေတွေကို ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး ကိုရဲမွန်က တင်ပြပါမယ်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ်မြောက်ပိုင်းက ရေသာ ၊ သင်တော ရွှေဘိုကျေးရွာတို့ကို ရွာနဲ့ ၁ မိုင်သာဝေးပြီး စစ်တပ်ထောက်ခံသူ ပျူစောထီးအားကောင်းတဲ့ မြောက်ခင်ရန်းကျေးရွာက ပြည်သူ့စစ်တွေဟာ မေ ၁၆ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ၅၀၀ နီးပါး ရွှေဘိုရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေ ပစ်ဖောက်ကာ ဝင်ရောက်လာပြီးနောက် နေအိမ် ၂၀၀ ကျော်ကို မီးရှို့ပြီး အရပ်သား ၂ ဦးကို သတ်ဖြတ်သွားတာလို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ ကိုစာကလေးက အခုလို ပြောပါတယ်။

"အင်အား ၂၀၀ ကျော်လောက် ခန့်မှန်းတာပေါ့နော်။ ၂၀၀ ကျော်က သင်တောရွာ ရေသာရွာ ရေသာရွာကို ကံတိုးရွာလို့လည်း ခေါ်တယ်ပေါ့နော်။ ရွှေဘိုရွာကို အင်အား အလုံးအရင်းနဲ့ ဝင်ရောက်လာပြီးတော့ စစ်ကြောင်းထိုးတဲ့ ဖြစ်စဉ် ဖြစ်ခဲ့တယ်ပေါ့နော်။ ဒီဖြစ်စဉ်အတွင်းမှာ ရွှေဘိုရွာက အသက် ၈၀ ကျော် ၉၀ ဝန်းကျင် အဖိုးအိုကို ရက်ရက်စက်စက် သတ်ခဲ့တယ်။ ပြီးတော့ ရွှေဘိုရွာကပဲ အသက် ၄၀ ကျော်ဝန်းကျင် စိတ်ကျန်းမာရေးချို့တဲ့သူ စိတ်ကျန်းမာရေး ပုံမှန်မဟုတ်တဲ့သူကို ဓားကို အသုံးပြုပြီး သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ မနက် ၉ နာရီဝန်းကျင်လောက်ကနေ ညနေ ၃ နာရီဝန်းကျင်အထိ ရွှေဘိုရွာက ပြည်သူတွေနေအိမ်ကို မီးရှို့ဖျက်စီးတာရှိတယ်။ မနေ့က ဖြစ်စဉ်အတွင်းမှာ မီးရှို့ခံရတဲ့ အိမ်ခြေစုစုပေါင်းက ၂၆၆ အိမ်ရှိတယ်။ တရွာလုံးရဲ့ ၄ ပုံ ပုံရင် ၃ ပုံလောက် မီးရှို့ဖျက်စီးသွားတဲ့အနေအထားကို ကြုံခဲ့ရပါတယ်။ ပြီးတော့ ရေသာရွာက နေအိမ် ၁၅ လုံး မီးရှို့ဖျက်စီးခံရတာ ရှိပါတယ်။"

ဂန့်ဂေါမြို့နယ် ရွှေဘိုရွာမီးလောင်ကျွမ်းနေစဉ် (မေ ၁၆၊ ၂၀၂၄) (ဓာတ်ပုံ - ယောအလင်းတန်း)
ဂန့်ဂေါမြို့နယ် ရွှေဘိုရွာမီးလောင်ကျွမ်းနေစဉ် (မေ ၁၆၊ ၂၀၂၄) (ဓာတ်ပုံ - ယောအလင်းတန်း)

ရွှေဘိုကျေးရွာက အရင်က ၂ ကြိမ် မီးရှို့ခံခဲ့ရတာရှိပေမယ့် နေအိမ် အနည်းငယ်သာ အရှို့ခံခဲ့ရပြီး အခုတကြိမ်က အများဆုံး မီးရှို့ဖျက်စီးခံခဲ့ရတာဖြစ်သလို နေအိမ်တွေထဲက ပစ္စည်းတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျေးရွာတွေထဲ စစ်ကြောင်းမရှိတော့ပေမယ့် ပျူစောထီးအားကောင်းတဲ့ မြောက်ခင်ရန်းရွာနဲ့ ၁ မိုင်သာဝေးတဲ့အတွက် ဒေသခံတွေဟာ နေရပ်မပြန်ဘဲ တောတောင်တွေထဲ ခိုလှုံနေကြရတာမို့ အကူအညီတွေ လိုအပ်နေကြပါတယ်။

ဒါက မကွေးတိုင်းထဲက အခြေအနေပါ။ မန္တလေးတိုင်း မြင်းခြံမြို့နယ်ဘက်မှာတော့ မေလ ၁၃ ရက်နေ့က မြင်းခြံ-ဆီမီးခုံကားလမ်းပိုင်းပေါ်မှာရှိတဲ့ ရွာရှည်ရွာအနီးမှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ခဲ့ပြီး ကျေးရွာတွေရှိတဲ့ဘက်မှာ စစ်တပ်က စစ်ရေးလှုပ်ရှားနေတာကြောင့် သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ဧရာဝတီ မြစ်အနောက်ဖက် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲကို တိမ်းရှောင်နေရပါတယ်။


စစ်ဘေးတိမ်းရှောင်သူဦးရေ များပြားတဲ့အတွက် စားဝတ်နေရေး မလုံလောက်တာတွေ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက ပြောပါတယ်။

"ဟိုဘက်ရွာတွေ ဒီဘက်ရွာတွေ အကုန်ပေါင်းမယ်ဆိုရင်တော့ လူဦးရေ သောင်းချီမှာပေါ့နော်။ ညောင်တိုပါမယ်။ ရန္တပိုပါမယ်။ ကိုင်းပါမယ်။ ရွာရှည်ပါမယ်။ သိမ်တိုင်၊ ရွာသစ် ၊ ဂင်ဂဲ အကုန်လုံးက ပြည်သူတွေက ကျွန်တော်တို့ မြစ် အနောက်ဖက် မြောင်မြို့နယ်ထဲကို ရောက်နေတာပေါ့။ စားဝတ်နေရေး တတ်နိုင်သလောက် ကူညီပေးတယ်ခင်ဗျ။ ပြည့်စုံမှုတော့မရှိဘူးပေါ့။ မြောင်မြို့နယ် လူသားစာနာတွေနဲ့ ချိတ်ဆက်ပြီးတော့ တတ်နိုင်သလောက် ကူညီပံ့ပိုးပေးတယ်။ စားရေးသောက်တာက လူဦးရေအင်အားက အရမ်းများတော့ တတ်နိုင်တာကူညီပေမယ့် မပြည့်စုံကြဘူး။"

ရွာရှည်အနီးတိုက်ပွဲအတွင်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးတာတွေရှိတဲ့အတွက် စစ်တပ်ဘက်က အင်အားအများအပြားနဲ့ စစ်ရေးလှုပ်ရှားနေကြတာဖြစ်ပါတယ်။ စစ်တပ်ဘက်က ရွာရှည်ရွာကို မီးရှို့သွားတဲ့အတွက် နေအိမ် ၃၀၀ ကျော်ရှိတဲ့ ရွာရှည်တရွာလုံးနီးပါး မီးလောင်ဆုံးရှုံးသွားပြီး ရွာရှည်ရွာ ဒေသခံ ၄ ဦးနဲ့ မရိုးကုန်းကျေးရွာသား ၁ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ကူညီကယ်ဆယ်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပြပါတယ်။

စစ်ကောင်စီဘက်ကတော့ ဂန့်ဂေါ် ရွှေဘိုရွာ မီးရှို့ သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက မြင်းခြံမြို့နယ်ထဲက ရွာရှည်ရွာမှာ စစ်ကောင်စီရဲ့ လုံခြုံရေး တပ်ဖွဲ့တွေက မီးရှို့ပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်တယ်ဆိုတဲ့ သတင်းကို တော့ သောကြာနေ့ က ငြင်းဆိုထားပါတယ်။

Forum

XS
SM
MD
LG