သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအမှု အာဂျင်တီးနားတရားရုံး နိုင်ငံတကာဖမ်းဝရမ်းထုတ်နိုင်ဖို့ မျှော်လင့်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Mr. Quintina
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Mr. Quintina

ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ စွဲချက်နဲ့ အာဂျင်တီးနားတရားရုံးက ကြားနာစစ်ဆေးနေတဲ့အမှုမှာ သက်သေအထောက်အထားတွေ ရထားပြီဖြစ်တဲ့အတွက် ဒီနှစ်အတွင်း နိုင်ငံတကာ ဖမ်းဝရမ်းထုတ်လိမ့်မယ်လို့ ခန့်မှန်းကြောင်း အာဂျင်တီးနား လူ့အခွင့်အရေးရှေ့နေ Tomas Quintina က ပြောပါတယ်။ ၂၀၁၉ ခုနှစ်ကတည်းက စွဲတင်ခံထားရတဲ့အမှုမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် စစ်ကောင်စီအဖွဲ့ဝင် စစ်ဗိုလ်ချုပ်တွေကို အဓိက တရားခံတွေအဖြစ် စွပ်စွဲထားတာပါ။ ရိုဟင်ဂျာတွေရဲ့ အကျိုးဆောင်ရှေ့နေအဖြစ် ဆောင်ရွက်နေသူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်း Mr. Quintina ကို မအင်ကြင်းနိုင်က ဗွီအိုအေ စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။

မအင်ကြင်းနိုင် ။ ။ Mr. Quintian က ရိုဟင်ဂျာတွေရဲ့ အကျိုးဆောင်ရှေ့နေတဦးအနေနဲ့ ၂၀၁၇ ခုနှစ်က ရခိုင်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေကို အခု အာဂျင်တီးနားတရားရုံးတခုမှာ ကြားနာစစ်ဆေးနေတဲ့ အမှုက ဘယ်လောက်ထိအရေးပါသလဲ၊ ပြီးတော့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရဖို့ အလားအလာ ဘယ်လောက်ထိ ရှိသလဲ။

Tomas Quintina။ ။ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက် အာဂျင်တီးနားတရားရုံးက ကိုင်တွယ်နေတဲ့အမှုဟာ အလွန်အရေးကြီးပါတယ်။ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ဒါမှမဟုတ် လူမျိုးတုံးသတ်ဖြတ်မှုကို ရင်ဆိုင်ခဲ့ရပြီး အသက်မသေ လွတ်မြောက်လာသူတွေအနေနဲ့ တရားမျှတမှုရဖို့အတွက် အာဂျင်တီးနားတရားရုံးမှာ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် ( universal jurisdiction) နဲ့အညီ အခွင့်အလမ်းတွေရမှာ ဖြစ်ပါတယ်။ ဒါကို အာဂျင်တီးနား Buenos Aires (ဗျူနိုအေးရိစ်) တရားရုံးတော်မှာ အကောင်အထည် ဖေါ်နေပါတယ်။ အခုဆိုရင် တရားရုံးကနေ အမှုကို လက်ခံထားပြီးတော့ ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ ကြားနာစစ်ဆေးနေပါတယ်။

တဘက်မှာလည်း အာဂျင်တီးနားတရားရုံးမှာ အဆင့်လိုက် ဆောင်ရွက်နေတဲ့အပိုင်းမှာ အခက်အခဲ စိန်ခေါ်မှု အမြောက်အများ ရှိနေပေမဲ့ တရားရုံးကနေ သက်သေအထောက်အထားတွေ စတင်ရနေပါပြီ။ တကယ်တမ်းပြောရရင် Buenos Aires တရားရုံးရှေ့မှောက်မှာ ရိုဟင်ဂျာ ၇ ဦး ကိုယ်တိုင် သူတို့ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို လာရောက်ထွက်ဆိုခဲ့ပြီးပါပြီ။ သူတို့ဟာ ၂၀၁၇ ခုနှစ်က လူမျိုးတုံး သတ်ဖြတ်မှုအဆင့်ထိ ရောက်ခဲ့တယ်ဆိုတဲ့ မြန်မာစစ်တပ်ရဲ့ အင်အားသုံးနယ်မြေ ရှင်းလင်းရေးမှာ အသက်မသေဘဲ လွတ်မြောက်လာသူတွေ ဖြစ်ပါတယ်။ သူတို့အပေါ် ကြားနာစစ်ဆေးမှုဟာ အလွန်အရေးကြီးတဲ့အဆင့် ဖြစ်ပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာသူတွေ ရင်ဆိုင်ခဲ့ရတဲ့ ပြင်းထန်လှတဲ့ ဖိနှိပ်မှုတွေကို အာဂျင်တီးနားတရားရုံးက ကြားနာဖို့ အခွင့်အလမ်းရခဲ့တာပါ။ ရိုဟင်ဂျာတွေအတွက်တော့ သူတို့ရင်ဆိုင်ခဲ့ရတဲ့ ဆိုးရွားလှတဲ့ ဖြစ်ရပ်တွေအတွက် တရားမျှတမှုရဖို့ အခွင့်အလမ်း ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

အခုဆိုရင် တရားရုံးက သူတို့ရထားတဲ့ သက်သေအထောက်အထားတွေကို ရာဇ၀တ်မှုကျူးလွန်တဲ့အမှုကို စုံစမ်းစစ်ဆေးနေတဲ့ ပုံစံအတိုင်း စစ်ဆေးနေပါတယ်။ အဲဒါပြီးရင် နောက်လာမဲ့အဆင့်ကတော့ ပြစ်မှုကျူးလွန်သူတွေကို အာဂျင်တီးနားတရားရုံးဆင့်ခေါ်မှာ ဖြစ်ပါတယ်။ ဖြစ်လာနိုင်တဲ့ နည်းလမ်းကတော့ စွပ်စွဲခံထားရသူတွေကို ဆင့်ခေါ်ဖို့ နိုင်ငံတကာ ဖမ်းဝရမ်းကို အာဂျင်တီးနားတရားရုံးက ထုတ်လာနိုင်ပါတယ်။

ဒီနေရာမှာ ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွပ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့ကနေ အာဂျင်တီးနားတရားရုံးကို လိုအပ်တဲ့ အချက်အလက်တွေ ပံ့ပိုးပေးနေတာဟာ တကယ်ကို အရေးပါပါတယ်။ အဲဒါကြောင့်လည်း အာဂျင်တီးနားတရားရုံးမှာ အမှုနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ သက်သေအထောက်အထားတွေ ရရှိထားပါတယ်။ ဒီအမှုကို စွဲတင်ထားတဲ့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်းရော ရိုဟင်ဂျာတွေရဲ့ အကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်နေတဲ့ ကျနော်တို့ ရှေ့နေအဖွဲ့တွေအနေနဲ့ မြင်တာက တရားရုံးကနေ နိုင်ငံတကာ ဖမ်းဝရမ်း ထုတ်မယ့်အလားအလာ များနေပါတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ကြိုးပမ်းပြင်ဆင်နေကြပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒီအမှုကို အာဂျင်တီးနားတရားရုံးမှာ ၂၀၁၉ ခုနှစ်မှာ တင်သွင်းကတည်းက မြန်မာစစ်တပ် တုံ့ပြန်ထားတာ ရှိပါတယ်။ အခုတော့ အာဏာသိမ်းထားတဲ့ စစ်ကောင်စီပေ့ါ။ သူတို့ပြောထားတာက နိုင်ငံတကာမှာ သူတို့ကို ဖမ်းဝရမ်းထုတ်ရင်လည်း ဂရုစိုက်မှာ မဟုတ်ဘူး။ နောက်ပြီး ဒီအမှုကို လုံးဝပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ပြောထားတာပါ။ အဲတော့ နောက်တဆင့်ကို ဘယ်လိုဆက်လုပ်နိုင်မလဲ။

Tomas Quintina။ ။ အစိုးရ ဒါမှမဟုတ် စစ်ကောင်စီအနေနဲ့ အာဂျင်တီးနားတရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း သိထားတာပါ။ ဒါပေမဲ့ အာဂျင်တီးနားတရားရုံးက နိုင်ငံတကာ ဖမ်းဝရမ်းထုတ်တဲ့အချိန် ဒါမှမဟုတ် ဖမ်းဝရမ်းထုတ်ခဲ့မယ်ဆိုရင် တရားရုံးအမိန့်ဖြစ်တဲ့ ဖမ်းဝရမ်းတွေကို ကမ္ဘာတဝှမ်းလုံးကို ပေးပို့ဖို့ ကျနော်တို့အဆိုပြုမှာပါ။ ကုလသမဂ္ဂသာမက အာဆီယံနိုင်ငံတွေ၊ အစ္စလာမ်နိုင်ငံများအဖွဲ့ချုပ်အပါအဝင် ဥရောပသမဂ္ဂနဲ့ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးနဲ့ မြန်မာနိုင်ငံက လူတဦးချင်းစီအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတွေကို ဒီဖမ်းဝရမ်းတွေကို ပေးပို့သွားဖို့ တောင်းဆိုမှာဖြစ်ပါတယ်။

အဲဒီတော့ တဆင့်ပြီးတဆင့်သွားရမှာ ဖြစ်သလို ပထမအဆင့်ကတော့ နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ဖို့ ဖြစ်ပါတယ်။ ဒါဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ညှင်းပမ်းမှု ခံနေရတဲ့ ရိုဟင်ဂျာတွေနဲ့ အခြားမြန်မာနိုင်ငံသားတွေကို ပေးတဲ့သတင်းစကား ဖြစ်ပါတယ်။ ဒါကတော့ သူတို့ ရင်ဆိုင်ခဲ့ရတဲ့ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မေ့မထားတဲ့အပြင် တရားမျှတမှုရဖို့ နည်းလမ်းအားလုံးကို အစွမ်းကုန် အသုံးပြုသွားမယ်ဆိုတာပဲ ဖြစ်ပါတယ်။

မအင်ကြင်းနိုင် ။ ။ အခု Mr. Quintana က အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာဆိုတော့ ဒီအမှုကို နိုင်ငံတကာ အသိုင်းအဝိုင်းကဘက် လိုတုံ့ပြန်ကြသလဲ။ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရားတို့လို နောက်ပြီး တရုတ်နဲ့ ရုရှားကရော ဒီအမှုကို ဘယ်လိုတုံ့ပြန်ကြသလဲ။

Quintana: အမေရိကန်ကတော့ ဒီအမှုကို အမှန်တကယ် စိတ်ဝင်စားတယ်ဆိုတာ ပြသနေပါတယ်။ ကျနော်တို့အနေနဲ့ကတော့ အခြားနိုင်ငံတွေ ပိုပြီး ပံ့ပိုးကူညီလာဖို့ မျှော်လင့်ထားပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှားအစိုးရကိုတော့ သီးခြားဆက်သွယ် ချည်းကပ်တာမျိုး မရှိသေးပါဘူး။ လူမျိုးတုံးသတ်ဖြတ်မှုကိစ္စနဲ့ ပတ်သက်လာရင် နိုင်ငံရေးအကျိုးစီးပွားဆိုတဲ့ အမြင်မျိုး မထားရှိသင့်သလို ယဥ်ကျေးမှုဆိုတဲ့ အကန့်အသတ်နဲ့လည်း ပိုင်းခြားလို့ မရပါဘူး။ လူသားအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ကျနော်တို့က ဒီအမှုနဲ့ ပတ်သက်ရင် လူတိုင်းကို ဆက်သွယ်ပြောဆိုမှာပါ။
လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပါတယ်။ နောက်တဆင့်ကတော့ တာဝန်ခံမှုပါ။ ခင်ဗျာ မေးတဲ့အထဲမှာလည်း ပါသလို၊ ကျနော်ပြောသွားတဲ့ အထဲမှာလည်းပါတဲ့ IIMM မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရာကနေတဆင့် ကုလသမဂ္ဂက ကျနော်တို့ရဲ့ အာဂျင်တီးနားအမှုကို အရမ်းကို အားပေးထောက်ခံ ပံ့ပိုးနေပါတယ်။

မအင်ကြင်းနိုင် ။ ။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီကို ပြန်ပြီးတိုက်ခိုက်နေတဲ့ အာရက္ခတပ်တော်ရဲ့ နယ်မြေသိမ်းတိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ ရိုဟင်ဂျာတွေနဲ့ ရခိုင်တိုင်းရင်းသားတွေကြား တင်းမာမှုတွေတိုးအောင် ဖန်တီးနေတဲ့ အခြေအနေတွေ ရှိနေပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး Volker Türk ကတော့ ရခိုင်ပြည်နယ်မှာ အရပ်သားတွေ အထူးသဖြင့် ရိုဟင်ဂျာတွေအပေါ် ခြိမ်းခြောက်မှု ပြင်းထန်နေကြောင်း ပြီးခဲ့တဲ့ သတင်းပတ်တွေက သတိပေးထားပါတယ်။ အထူးသဖြင့် အရင်ကလိုမျိုး ရက်စက်ကြမ်းကြုတ်မှုတွေ တကျော့ပြန် ဖြစ်လာမှာကို စိုးရိမ်မကင်း ဖြစ်မိကြောင်း ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အကာအကွယ်မဲ့နေတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်း ရင်ဆိုင်နေရတဲ့ အန္တရာယ်ကို Mr. Quintana ဘယ်လို မြင်လဲ။

Quintana: အလွန်အလွန့်ကို စိုးရိမ်ဖို့ ကောင်းတဲ့ အခြေအနေပါ။ အခု ရခိုင်မြောက်ပိုင်းက အခြေအနေဟာ၂၀၁၇ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ အန္တရာယ်မျိုး ရှိနေပါတယ်။ အဲဒီတုန်းကဆိုရင် ရိုဟင်ဂျာတွေနေတဲ့ ရွာတွေ၊ မြို့နယ်တွေ အားလုံးမှာ လူသားထုအပေါ် ရာဇ၀တ်ကျူးလွန်မှုတွေကို တချိန်တည်း တပြိုင်တည်း ပြုလုပ်ခဲ့တာတွေကို ကမ္ဘာက မြင်တွေ့ခဲ့ကြတာပါ။ ဂျီနိုဆိုက် လက္ခဏာဖြစ်တဲ့ ရိုဟင်ဂျာ ရွာတွေကို မီးရှို့ အမျိုးသား အမျိုးသမီးတွေကို အုပ်စုနဲ့ အတင်းအဓမ္မ ပြုကျင့်တာ၊ ကလေးတွေအပေါ် ရာဇ၀တ်ကျူးလွန်တာတွေကို နေရာတွေ၊ ရွာတွေသာ ကွဲသွားမယ် ပုံစံတူ ကျူးလွန်ခဲ့ကြတာ တွေ့ခဲ့ကြရပါတယ်။

အခုလည်း ရိုဟင်ဂျာတွေအတွက် အလားတူ ဖြစ်လာနိုင်တဲ့ အန္တရာယ် ရှိနေပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး မှတ်ချက်အတိုင်း ကျနော်သဘောတူပါတယ်။ အခု လိုအပ်နေတာက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှု ဖြစ်ပါတယ်။ အဲဒီမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ကြေညာချက်တွေ ထုတ်ပြန်တာ ကြိုဆိုပေမဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တကယ်လိုအပ်တဲ့ အရေးယူမှု မလုပ်သေးပါဘူး။
အာဂျင်တီးနားနိုင်ငံမှာ ရှိနေတဲ့အမှုဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိရေးကို ဦးတည်တဲ့ အစပျိုးမှုပါ။ ရိုဟင်ဂျာ အသိုင်းအဝိုင်းအတွက်လည်း အရေးကြီးပါတယ်။ ကျနော်တို့အမှုဟာ တရားမျှတမှုရဖို့ ကြိုးပမ်းမှုတွေနဲ့ ရခိုင်ပြည်နယ်တွင်းက မြေပြင်အခြေအနေ တိုးတက်ကောင်းမွန်လာဖို့ ရိုဟင်ဂျာတွေအတွက် မျှော်လင့်ချက်ပေးနေတာပါ။

Forum

XS
SM
MD
LG