သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံရမှာ ကုလစိုးရိမ်


ရမ်းဗြဲမြို့တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)
ရမ်းဗြဲမြို့တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၄)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် ခေါ် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ လက်နက်ကိုင် ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြား လူတွေ အစုလိုက် အသတ်ခံရတဲ့ အဖြစ်မျိုးတွေ တကျော့ပြန် ပြန်ပေါ်လာမှာ စိုးရိမ် ထိတ်လန့်မိတဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က မနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူသီးတောင် မြို့နယ်အတွင်း အိုးအိမ်တွေ ဖျက်ဆီးခံရတာ၊ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ သတင်းတွေထွက်ပေါ်နေပြီး အထူးသဖြင့် ရိုဟင်ဂျာ မူဆလင်တွေပါဝင်တဲ့ အရပ်သားတွေ ထောင်သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်နိုင်တာကို Volker Turk က ကြေညာချက်မှာ သတိပေးထားပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေး ပျက်ပြယ်ပြီး တိုက်ပွဲတွေ ပြန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် မြို့နယ် ၁၇ နယ်ထဲက ၁၅ မြို့ စစ်ဒဏ်သင့်ခဲ့သလို၊ ရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းနဲ့ အိုးမဲ့အိမ်မဲ့ စွန့်ခွာထွက်ပြေးနေသူ သုံးသိန်းလောက် ရှိခဲ့တဲ့အကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ရခိုင်ပြည်နယ်ဟာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်လာတဲ့ စစ်မြေပြင် ပြန်ဖြစ်လာပြီး အရပ်သားပြည်သူတွေအတွက် အန္တရာယ်ကြီးတဲ့ နယ်မြေ ဖြစ်လာနေတာကို သတိပေးထားတာပါ။

ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ မူဆလင်တွေအကြား ရှိပြီးသား လူမျိုးရေးတင်းမာမှုတွေကို စစ်တပ်က မီးထိုးပေးတာ၊ အသုံးချလာတာကြောင့် အရင်က ကြုံခဲ့ဖူးတဲ့ ရက်စက်ဆိုးဝါးတဲ့ အစုလိုက် သတ်ဖြတ်မှုမျိုးတွေ တွေထပ်ပေါ်လာမှာကို စိုးရိမ်ရတဲ့အကြောင်း ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး က ပြောဆိုပါတယ်။ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA အာရက္ခတပ်တော် ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲမှာ ဒေသခံ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံရတာ မောင်းထုတ်ခံရတာတွေ ရှိခဲ့တဲ့အကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်ခဲ့တာဟာ မဟုတ်မမှန်ဘူးလို့ ပြန်လည် ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG