သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်တော်ဆေးရုံတိုက်ခိုက်ခံရမှု ၂၀ ထက်မနည်း ထိခိုက်ဟု AA ထုတ်ပြန်


မေလ ၁၅ ရက်မနက်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေထဲက ကျောက်တော်မြို့နယ်ဆေးရုံ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၄/ဓာတ်ပုံ AA Info Desk)
မေလ ၁၅ ရက်မနက်ပိုင်းက အာရက္ခတပ်တော် AA ထိန်းချုပ်နယ်မြေထဲက ကျောက်တော်မြို့နယ်ဆေးရုံ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း။ (မေ ၁၅၊ ၂၀၂၄/ဓာတ်ပုံ AA Info Desk)

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ဆေးရုံတခုကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား ၂ဝ ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ AA ကထုတ်ပြန်ထားပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ် ဝဲထောင့်ကြီး ကျေးရွာအတွင်းက ဆေးရုံတခုကို မေလ ၁၅ ရက်နေ့မနက်ပိုင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံတခုလုံးပျက်စီးသွားသလို ဆေးရုံဝန်ထမ်းအပါအဝင် အရပ်သား ၂ဝ ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန်ပါတယ်။ အဲဒီထဲ ဒဏ်ရာပြင်းထန်သူ ၅ ဦးအထိရှိတယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီဟာ AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအတွင်း စျေးနဲ့ ဆေးရုံတွေကို အဓိကပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်တာတွေ တောက်လျှောက်လုပ်နေတယ်လို့ ရခိုင်အရေးတက်ကြွလှုပ်ရှားသူ ကိုထွန်းကြည်ကပြောပါတယ်။

“တောက်လျှောက်ကတော့ AA ထိန်းချုပ်ထားတဲ့နယ်မြေတွေကို စစ်ကောင်စီက စျေးတွေ၊ ဆေးရုံတွေ အဓိက သူတို့ ပစ်မှတ်ထားပြီးတော့ အခုနောက်ပိုင်း ပိုတိုက်ခိုက်လာတယ်။ ဒီနေရာကကျတော့ တကယ့်အရပ်သားတွေနေတဲ့နေရာပေါ့လေ၊ ဒါက တိုက်ပွဲနဲ့မသက်ဆိုင်တဲ့နေရာလည်းဖြစ်တယ်၊ ဆိုတော့ ဆေးရုံတို့၊ စျေးတို့ဆိုတာက အများပြည်သူပိုင်ဆိုင်တဲ့နေရာတွေကိုဦးစားပေးပြီး တိုက်ခိုက်နေတာကိုတွေ့နေရတယ်။”

စစ်ကောင်စီရဲ့ အခုလိုတိုက်ခိုက်မှုတွေဟာ ဒေသခံအရပ်သားတွေအနေနဲ့ စစ်ကိုမုန်းတီးလာအောင် ဖိအားပေးတဲ့နည်းနာတခုဖြစ်လိမ့်မယ်လို့ ကိုထွန်းကြည်က သုံးသပ်ပါတယ်။

“ဘာကြောင့်ပစ်တယ်ဆိုတာထက် နဂိုကတည်းက စစ်ကောင်စီမှာ ဗျူဟာရှိတယ်ပေါ့နော်။ သူတို့က တိုက်လို့မနိုင်ရင် အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ စစ်ကို အရပ်သားပြည်သူတွေ မုန်းတီးလာအောင်၊ စစ်ပွဲကို အရပ်သားတွေ အလိုမရှိအောင် ဖိအားတမျိုးနည်းတမျိုးလို့ပဲ ကျနော်နားလည်တယ်။ ဘာကြောင့်ပစ်တယ်ဆိုတာတော့ ကျနော်မသိဘူး။ ဒါပေမယ့် သေချာတာတခုက အခုတောက်လျှောက် စျေးတို့၊ ဆေးရုံးတို့၊ မြို့ရွာတွေကို ဗုံးချနေတာကတော့ စစ်ရေးပစ်မှတ်နဲ့ဘာမှ မဆိုင်တဲ့ဧရိယာတွေ ဖြစ်နေတာကိုတော့တွေ့ရတယ်။”

မေလ ၁၄ ရက်နေ့ကလည်း မောင်တောမြို့နယ်တောင်ပိုင်းက ကင်းချောင်းကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာအတွင်း အရပ်သားထိခိုက်သေဆုံး တာတွေရှိတယ် AA က ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာတုံ့ပြန်တာမျိုး မတွေ့ရသေးပါဘူး။ ဒါပေမယ့် ရခိုင်ဒေသတချို့မှာ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားတွေသေဆုံးတယ်ဆိုတာ သတင်းတု၊ သတင်းမှားတွေဖြစ်တယ်ဆိုပြီ စစ်ကောင်စီက ပြန်ကြားရေးက တုံ့ပြန်ဖော်ပြထားတာတွေ့ရပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား ဘူးသီးတောင်၊ မောင်တော၊ အမ်းနဲ့သံတွဲမြို့နယ်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG