သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်သား ၈၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံ


BANGLADESH-MYANMAR-CONFLICT
BANGLADESH-MYANMAR-CONFLICT

အာရက္ခတပ်တော် AA နဲ့ဖြစ်တဲ့တိုက်ပွဲတွေကနေ စစ်ကောင်စီတပ်သား ၈၀ ကျော်ဟာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးလာတယ်လို့ ဘင်္ဂလားသတင်းဌာနတွေမှာဖော်ပြထားပါတယ်။ ခိုလှုံခွင့်တောင်းခံလာတဲ့ စစ်ကောင်စီ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေထံက လက်နက်ခဲယမ်းတွေကိုတော့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ်ကသိမ်းယူပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ကို လွှဲပြောင်းပေးထားတယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားချက်ကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၈၀ ကျော်ဟာ မေလ ၅ ရက်နေ့ မနက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးဝင်ရောက်ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ်အခြေစိုက် New Age သတင်းဌာနက ဖော်ပြပါတယ်။ အာရက္ခတပ်တော်-အေအေနဲ့ ဖြစ်တဲ့ တိုက်ပွဲအတွင်းကနေ ထွက်ပြေးခိုလှုံလာတာဖြစ်တယ်လို့ သတင်းတွေမှာဖော်ပြပေမဲ့ ဘယ်စခန်းတွေကလဲဆိုတာ တိတိကျကျဖော်ပြထားတာမရှိပါဘူး။ မြန်မာတပ်ဖွဲ့ဝင် ရှစ်ဆယ်ကျော် ဝင်ရောက်ခိုလှုံလာတယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Mainul Kabir ကလည်း အတည်ပြုပြောဆိုထားတယ်လို့ ဆိုပါတယ်။ လက်နက်ခဲယမ်းတွေကိုင်ဆောင်လာတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့က အရာရှိနဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ စက်လှေနှစ်စင်းနဲ့ နတ်မြစ်ကို မနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ ဖြတ်ကျော်လာပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေထံမှာ ခိုလှုံခွင့်တောင်းခံခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း AA နဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးတာ မေလ ပထမသတင်းပတ်မှာတင် နှစ်ကြိမ်ရှိပြီလို့ ပြောရမှာပါ။ ပြီးခဲ့တဲ့ မေ ၃ ရက်နဲ့ ၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ်သား ၄၀ ကျော်လောက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့ပါတယ်။ ဒါကြောင့် မေ ၅ ရက် ထွက်ပြေးခိုလှုံသူတွေနဲ့ပါပေါင်းရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခိုလှုံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီတပတ်အတွင်းမှာတင် ၁၄၀ နီးပါး ရှိသွားပါပြီ။

ကော့ဇ်ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည်တဦးကတော့ ဒီလူတွေကိုဘယ်မှာထိန်းသိမ်းထားလဲ အတိအကျ သိနိုင်ဖို့ခက်တယ်လို့ ပြောပါတယ်။

"အဲလိုကြားတယ်။ ကျနော်တို့မမြင်ရဘူး။ သူတို့ကဗမာပြည် ရခိုင် ဘူးသီးတောင်၊ မောင်တောကပြောတယ်။ ဟုတ်တယ်။ ဒုက္ခသည်စခန်းနားမှာ မှန်တယ်။ တာ့ခ်နာ့ခရိုင် (Teknaf ) ခရိုင်ရှိတယ်မလား။ အဲမှာ အဲဒီမှာထားတယ်။ တခြားဘယ်သူပါလဲမသိဘူး။ ...စစ်ကောင်စီတပ်သားတွေပဲ လို့သိတယ်။"

သူတို့ကိုဘယ်လိုဆက်လုပ်မလဲဆိုတာ ဘင်္ဂလားအာဏာပိုင်တွေဖက်က မပြောသေးပါဘူး။ စစ်ကောင်စီကလည်း ထုတ်ပြန်ထားတာမရှိသေးပါဘူး။ လက်ရှိဒီစစ်ကောင်စီတပ်သားတွေထားတဲ့နေရာကိုလုံခြုံရေး တင်းကျပ်ထားတယ်လို့လည်း ဒုက္ခသည်တွေကပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် သတင်းဌာနတချို့မှာ စစ်ကောင်စီတပ်တွေထံက လက်နက်တွေ သိမ်းယူထားတယ်လို့ ဖော်ပြပေမယ့်၊ မျက်မြင်တွေကတော့ လက်နက်တွေ သယ်ဆောင်လာတာ သတိမထားမိဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်သားတွေရော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေပါ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မကြာခဏဆိုသလို ထွက်ပြေးခိုလှုံနေကြတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံလာသူတွေထဲက ၂၈၈ ဦးကို ဘင်္ဂလားဒေ့ရှ်အစိုးရက စစ်ကောင်စီထံ ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက်နေ့မှာ ပြန်လည် လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ရခိုင်မှာ အေအေနဲ့ စစ်ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်ချိန်မှာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံလာတဲ့စစ်ကောင်စီတပ်သားနဲ့ သူတို့မိသားစုဝင် ၆၁၀ ကျော်ကို ဒီနှစ်ထဲမှာ မြန်မာဘက်ကို ပြန်လည်ပို့‌ဆောင်ထားပြီးဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG