သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးနဲ့ ဟာမတ်စ် ထိပ်တန်းခေါင်းဆောင်တွေ ဖမ်းဝရမ်းထုတ်ဖို့ ICC ပြင်ဆင်


အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu
အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu

ဂါဇာဒေသက အစ္စရေး-ဟာမတ်စ် စစ်ပွဲနဲ့ ဆက်နွယ်ပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ ဂါဇာမှာရှိတဲ့ ဟာမတ်စ်အဖွဲ့ အကြီးအကဲ Yahya Sinwar နဲ့ အရာရှိတချို့ကို ဖမ်းဝရမ်းထုတ်ဖို့ စီစဉ်နေကြောင်း ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံး အကြီးအကဲက ဒီကနေ့ မေလ ၂၀ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးချုပ် Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီး Gallant တို့ဟာ စစ်ရာဇဝတ်နဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အပြင် အရပ်သားတွေကို အစာရေစာပြတ်အောင်လုပ်ပြီး လက်နက်သဖွယ် အသုံးပြုတာ၊ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ယုံကြည်ကြောင်း ICC တရားလိုရှေ့နေအဖွဲ့ အကြီးအကဲ Karim Khan ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟာမတ်စ်အဖွဲ့အကြီးအကဲ Yahya Sinwar အပြင် အဖွဲ့ရဲ့ စစ်ဘက်အကြီးအကဲ Mohammad Diab Ibrahim al-Masri နဲ့ နိုင်ငံရေး အကြီးအကဲ Ismail Haniyeh တို့ဟာလည်း စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ICC က ယူဆကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဟာမတ်စ်အရာရှိတွေအပေါ် တင်ထားတဲ့ စွဲချက်တွေထဲ လူသတ်မှု၊ ဓားစာခံတွေကို ဖမ်းဆီးမှုတွေလို စစ်ရာဇဝတ်မှုတွေ၊ အဓမ္မပြုကျင့်မှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာ စော်ကားမှုများတို့အပြင် ညှဉ်းပန်း နှိပ်စက်မှုတွေလည်း ပါဝင်ပါတယ်။
တချိန်တည်းမှာပဲ၊ အစ္စရေးနိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်တောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြင့် ဆောင်ရွက်သွားဖို့ သန္နိဋ္ဌာန်ချထားကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan နဲ့ ဒီကနေ့ တွေ့ဆုံအပြီးမှာ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG