သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအစီစဉ်သစ် မချရင် စစ်ဝန်ကြီးအဖွဲ့က နှုတ်ထွက်မယ်လို့ Gantz ခြိမ်းခြောက်


အဖွဲ့ဝင်သုံးဦးပါ အစ္စရေး စစ်ဝန်ကြီးအဖွဲ့ဝင် Benny Gantz (အလယ်)
အဖွဲ့ဝင်သုံးဦးပါ အစ္စရေး စစ်ဝန်ကြီးအဖွဲ့ဝင် Benny Gantz (အလယ်)

လာမယ့် ရက်သီတင်းပတ် (၃)ပတ်အတွင်းမှာ ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစီအစဉ်သစ် မချမှတ်နိုင်ရင် အစ္စရေးနိုင်ငံရဲ့ အဖွဲ့ဝင်သုံးဦးပါ စစ်ဝန်ကြီးအဖွဲ့ကနေ နုတ်ထွက်မယ်လို့ မျှတတဲ့ နိုင်ငံရေးအမြင်ရှိသူတဦးဖြစ်တဲ့ Benny Gantz က စနေနေ့က ခြိမ်းခြောက်လိုက်ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု Benjamin Netanyahu အတွက် သူ့အစိုးရအဖွဲ့ထဲက လက်ယာစွန်း မဟာမိတ်တွေကို ပိုမို အားကိုးလာရမယ့် အနေအထား ဖြစ်သွားပါတယ်။

ဒါဟာ ဂါဇာစစ်ပွဲ ၇ လ ကြာလာချိန်မှာ ဟားမတ်စ်ဘက်က အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုအတွင်း ဖမ်းသွားတဲ့ ဓားစာခံတွေ ပြန်လွတ်ရေးအပါအဝင် ရည်မှန်းချက်တွေ မပြီးမြောက်သေးတဲ့ အစ္စရေးရဲ့ ခေါင်းဆောင်ပိုင်းအတွင်း အကွဲအပြားတွေ ပိုတိုးလာတာလည်း ဖြစ်ပါတယ်။

ဂန့်ဇ် Gantz က ဓားစာခံတွေ ပြန်လွတ်ရေး၊ ဂါဇာမှာ ဟားမတ်စ် စိုးမိုး အုပ်ချုပ်နေမှုကို အဆုံးသတ်ရေး၊ ဂါဇာကမ်းမြောင်ဒေသတခုလုံးကို စစ်မဲ့ဇုန် အဖြစ်ကြေညာနိုင်ရေးနဲ့ အရပ်သားရေးရာ နိုင်ငံတကာ စီမံခန့်ခွဲရေး အဖွဲ့တခု ထူထောင်ရေးတို့ပါဝင်တဲ့ အချက် (၆)ချက်ပါ အစီအစဉ်ကို အဆိုပြုထားပါတယ်။ ဒါ့အပြင် ဆော်ဒီအာရေးဗီးယားနိုင်ငံနဲ့ ဆက်ဆံရေးပုံမှန်ဖြစ်စေဖို့ ကြိုးပမ်းမှုတွေကိုလည်း ထောက်ခံထားပါတယ်။ ဒီအစီအစဉ်သစ်ကို ဇွန်လ ၈ ရက်နေ့ နောက်ဆုံးထား မထောက်ခံရင် အစိုးရအဖွဲ့ကနေ နုတ်ထွက်မယ်လို့ Gantz က ပြောပါတယ်။

“တကယ်လို့ တယူသန် လမ်းကြောင်းကို ရွေးပြီး တနိုင်ငံလုံးကို ချောက်ထဲ တွန်းချနေမယ်ဆိုရင် အစိုးရအဖွဲ့ကနေ နုတ်ထွက်ရလိမ့်မယ်” လို့ သူက ပြောပါတယ်။ စစ်ဦးစီးချုပ်ဟောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်းလည်း ဖြစ်ခဲ့တဲ့
Gantz ဟာ Netanyahu ရဲ့ ကာလကြာရှည် နိုင်ငံရေးပြိုင်ဘက်ဖြစ်ပြီး ဂါဇာစစ်ပွဲ စတင်ချိန်မှာ ညွန့်ပေါင်းအဖွဲ့နဲ့ ကာကွယ်ရေး စစ်ဝန်ကြီးအဖွဲ့ထဲကို ဝင်ရောက်ခဲ့တာပါ။

သူသာ အစိုးရအဖွဲ့ကနေ ထွက်သွားခဲ့ရင် နေတန်ယာဟုအနေနဲ့ သဘောထားတင်းမာတဲ့ လက်ယာစွန်းဝါဒီတွေနဲ့ ပိုနီးစပ်သွားဖွယ် ရှိနေပြီး အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ လွတ်မြောက်ရေး စေ့စပ်ညှိနှိုင်းတွေမှာ ပိုပြီး ခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ အစ္စရေး အစိုးရအဖွဲ့ထဲက လယ်ယာစွန်းဝါဒီတွေဟာ ဂါဇာကို သိမ်းပိုက်ပြီး အဲဒီမှာ ဂျူးလူမျိုးတွေ အခြေချနေထိုင်ဖို့ လိုလားနေကြသူတွေ ဖြစ်ပါတယ်။

စစ်ဝန်ကြီးအဖွဲ့ဝင် နောက်တဦးဖြစ်တဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဗ် ဂါလန့် Yoav Gallant ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ဂါဇာကမ်းမြောင်ဒေသအတွက် ပါလက်စတိုင်း အရပ်သားအုပ်ချုပ်မှု စနစ်အပါအဝင် စစ်ပြီးခေတ် အလားအလာအတွက် ဆုံးဖြတ်ပေးဖို့ ဝန်ကြီးအဖွဲ့ကို ထပ်ခါတလဲလဲ ပန်ကြားခဲ့ကြောင်း ထုတ်ပြောထားပါတယ်။ ရက်ပိုင်းအကြာမှာပဲ အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant က ပွင့်ပွင့်လင်းလင်းပြောခဲ့ပါတယ်။

နေတန်ယာဟုဟာ လက်ရှိအခြေအနေမှာ ဘက်ပေါင်းစုံကနေ ဖိအားတွေ တိုးလာနေတာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာက တောင်းဆိုချက်တွေကို ဆန့်ကျင်ပြီး ဂါဇာရဲ့ တောင်ဘက်စွန်း အီဂျစ်နယ်စပ်က ရာဖာမြို့ကို မြေပြင်ထိုးစစ်ဆင်ပြီး ဟားမတ်စ်တွေကို ချေမှုန်းဖို့ သူ့အစိုးရမှာရှိတဲ့ သဘောထား တင်းမာသူတွေက လိုလားနေတာလည်းဖြစ်ပါတယ်။ ဂါဇာကမ်းမြောင်က စုစုပေါင်း လူဦးရေ ၂.၃ သန်းရဲ့ ထက်ဝက်ကျော် ခိုလှုံနေရတဲ့ ရာဖာမြို့ထိုးစစ်အပေါ် အမေရိကန်နဲ့ တခြားနိုင်ငံတွေက သတိပေးထားပြီး အစ္စရေး ထောက်ခံပေးနေတာတွေကို လျှော့ချမယ်လို့ ခြိမ်းခြောက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG