သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


ကရင်နီဒေသ စစ်ဘေးရှောင်များ (ယခင်ပုံဟောင်း) (ဓာတ်ပုံ - KHAI)
ကရင်နီဒေသ စစ်ဘေးရှောင်များ (ယခင်ပုံဟောင်း) (ဓာတ်ပုံ - KHAI)

ကရင်နီဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာသား အများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ကရင်နီဒေသ စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

ကရင်နီဒေသမှာ ဒီရက်ပိုင်းတွေအတွင်း စစ်ကောင်စီနဲ့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောပါတယ်။ စစ်ကောင်စီ စစ်ကြောင်းနဲ့ ကရင်နီဒေသမှာ တိုက်ပွဲတွေ နေ့စဉ်ဆိုသလို ရှိနေတယ်လို့လည်း ပြောပါတယ်။

“စစ်ကောင်စီတပ်တွေကတော့ ဒီ ဆီဆိုင်ဘက်နေပြီးတော့မှ လွိုင်လင်လေးမြို့ဘက်ကို စစ်ကြောင်းထိုးလာတာရှိတယ်။ အဲ့ဒီတော့ လွိုင်လင်လေးမြို့နဲ့ အနီးတဝိုက်မှာတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဖြစ်ခဲ့တယ်ပေါ့နော် ဒီရက်ပိုင်း။ လွိုင်ကော်မြို့ထဲမှာလည်း စစ်ကောင်စီရဲ့ လှုပ်ရှား စစ်ကြောင်းတွေ ရှိတယ်။ မြို့ပေါ်ရပ်ကွက်တွေရော နောက်ပြီးတော့ ဒီလွိုင်ကော်စက်မှုဇုံနဲ့ အနီးပတ်ဝန်းကျင်မှာရော စစ်ကောင်စီကနေပြီးတော့မှ စစ်ကြောင်းလှုပ်ရှားတာတွေ ရှိတယ်ပေါ့၊ ဆိုတော့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေကတော့ နေ့စဉ်နဲ့အမျှဖြစ်နေပါတယ်ပေါ့နော်။”

တိုက်ပွဲတွေကြား စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်ကြတဲ့ ကျေးရွာသား ထောင်နဲ့ချီပြီး ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီလိုပဲ နီးစပ်ရာ လွတ်တဲ့နေရာမှာ ရှောင်ကြတာပေါ့။ ဟိုအရင်ပုံစံမျိုး စစ်ရှောင်စခန်းနဲ့ဘာတွေတော့ မရှိတော့ဘူး အခြား တောင်ကြီးတို့ ညောင်ရွှေတို့ အဲ့ဘက်မှာသွားပြီးတော့ အိမ်ငှားနေကြတာတွေရှိတယ်။ အခု ကယားဖက်ကတော့ လုံးလုံးသွားလို့ လုံခြုံမှုမရှိသေးဘူးပေါ့နော် အခုက ဆီဆိုင်ကနေ ကယားဖက်ကို သွားတဲ့တကျောလုံးက ဟိုဟာဖြစ်နေတာ ဟိုနားဖြစ်လိုက် ဒီနားဖြစ်လိုက် တော်တော်ဖြစ်နေတာပေါ့။ အဓိကတော့ လွိုင်လင်ထိကြားမှာ တော်တော်ဖြစ်တယ်ပေါ့။”

ကရင်နီဒေသက လတ်တလော တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်သူကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးသလို စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
ကရင်နီနယ်ထဲမှာ ထိုးစစ်ဆင် လှုပ်ရှားမှုရှိနေတာမို့ ခုချိန်ထိ တိုက်ပွဲတည်ငြိမ်သွားတာမရှိသေးပါဘူး။ နေရာအစုံ ပြန့်နှံ့လာတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေကလည်း အသက်ဘေးလွတ်ကင်းတဲ့ ဒေသတွေဆီ တနေရာပြီး တနေရာ မကြာခဏ ပြောင်းရွှေ့နေထိုင်နေရတာပါ။

ဒီလို ပြောင်းရွှေ့ရတဲ့ အချိန်မှာလည်း ယာယီတဲထိုးဖို့ ပစ္စည်းတွေ မသယ်နိုင်ဘဲ တိုက်ပွဲဖြစ်လာရင် ချက်ချင်းဆိုသလို ပြေးလွှားကြရတာကြောင့် နေထိုင်စားသောက်ရေး လိုအပ်ဟာ အမြဲတမ်း အခက်အခဲဖြစ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“ကျနော်တို့ ပြည်နယ် လွိုင်လင်လေးမြို့ပေါ့နော် စစ်တပ်တွေက အင်အားအလုံးအရင်းနဲ့ ထပ်ထိုးလာတာရှိတယ်ပေါ့။ အဲ့ဒီမှာ ရက်တိုင်းနီးပါးတိုက်ပွဲဖြစ်တယ်။ နောက်ပြီးတော့မှ လူထုတွေ ထပ်ရှောင်တာရှိတယ်ပေါ့နော်။ ကျနော်သိသလောက် လူထုအနည်းဆုံး ၁၅၀၀ ပေါ့နော် ထပ်ပြီးတော့မှ ကျနော်တို့ ပြည်နယ်ထဲမှာ ပြန်ရွှေ့လာတယ်ပေါ့နော်၊ ဒီဆီဆိုင်တို့ ရေဖြူကနေတဆင့်ပေါ့နော်။ ဆိုတော့ ဒီဘက်က ကျနော်တို့ ပြည်နယ်မှာ တိုက်ပွဲကတော့ တနေရာပြီးတနေရာ ဆက်ဖြစ်နေတယ်။ ထိုးစစ်တွေ ပုံမှန်ရှိနေတယ်။ စစ်ရှောင်တွေက ဟိုရွှေ့ဒီရွှေ့ ရှိတယ်ပေါ့နော်။ အဲ့တော့ စစ်ရှောင်တွေ့ ဟိုရွှေ့ ဒီရွှေ့ခြင်းက ဘာနဲ့သွားတူလည်းဆိုတော့ လိုအပ်ချက်တွေကို အသစ်ပြန်ဖြစ်စေတယ်ပေါ့နော်၊ အဲ့တော့ စစ်ရှောင်တွေ ရောက်လာပြီးဆိုရင် ကျနော်တို့ အမိုးအကာတွေ အစားအသောက်တွေ အသစ်ပြန်ဖြည့်ရတယ်။ စစ်ရှောင်က အသစ်တော့ မဟုတ်ဘူး သူက နှစ်ကြိမ် သုံးကြိမ်ရွှေ့ရတယ်ပေါ့နော်၊ အဲ့ဒီဟာလည်း ကျနော်တို့ အတွက်က စားဝတ်နေရေး အခက်အခဲတွေ နောက် ဆေးဝါးလိုအပ်ချက်တွေက ဆက်မြင့်နေတယ်ပေါ့နော်။”

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီဒေသမှာ လမ်းပန်းဆက်သွယ်ရေးခက်ခဲ၊ အလုပ်အကိုင်ရှားမှုနဲ့ ရင်ဆိုင်နေရပြီး စားနပ်ရိက္ခာ ခက်ခဲကျပ်တည်း၊ ကျန်းမာရေးစောင့်ရှောင်မှု အားနည်းချက်ရှိ နေတယ်လို့ စစရှောင်နဲ့ အကူအညီပေးသူတွေက ပြောဆိုကြပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် ကရင်နီဒေသအပါအဝင် နိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ ၂ ဒသမ ၆ သန်း နီးပါး ရှိလာနေတဲ့အကြောင်း ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG