သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကော့ကရိတ်အခြေစိုက် စစ်ကောင်စီတပ်စခန်း KNU နဲ့ ပူးပေါင်းတပ်တွေသိမ်းပိုက် 


KNLA PDF ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့တဲ့ ဖူ့ချီမူတပ်စခန်းကိုတွေ့ရစဉ် (မေ ၊ ၂၀၂၄)
KNLA PDF ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့တဲ့ ဖူ့ချီမူတပ်စခန်းကိုတွေ့ရစဉ် (မေ ၊ ၂၀၂၄)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အခြေစိုက် တပ်စခန်းတခုကို ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ နီးပါး လက်နက်ချခဲ့တယ်လို့လည်း ဆိုပါတယ်။ ကရင်ပြည်နယ်က စစ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) ထိမ်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ်မှာရှိတဲ့ ဖူ့ချိမူ တပ်စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ ရက်က ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး ဒုရင်းမှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး မေလ ၁၉ ရက်နေ့က ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ PDF ပူးပေါင်းတပ်ထံ လက်နက်ချအညံ့ခံခဲ့တာဖြစ်ကြောင်းပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးကပြောပါတယ်။

"ဖူ့ချီမူစခန်းပေါ့ ကျနော်တို့ KNLA/PDF တပ်တွေက အချိန်အတော်ကြာ၀ိုင်းဝန်းပိတ်ဆို့ထားတာဖြစ်တယ်၊သူတို့ဘက်က ရိက္ခာပြတ်တာကော သူတို့ဘက်ကအညံ့ခံခဲ့တာပါ ဒုတပ်ရင်းမူး ရန်အောင်အပါအဝင်လူအားလုံး၄၀ကျော်က ကျနော်တို့ဆီကို လက်နက်ချအညံ့ခံခဲ့တာပေါ့နော်။ကျန်တဲ့သူတွေထွက်ပြေးတာ ထိုင်းဘက်ရောက်သွားတာလည်းရှိတယ်။ ကျနော်တို့စခန်းတက်သိမ်းတဲ့အခါမှာအလောင်းက ၂၀ကျော်ရတယ်"

စခန်းကနေထွက်ပြေးခဲတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်ကတော့ ထွက်ပြေးသွားရာ လမ်းတစ်လျှောက်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ဒေသခံ အရပ်သား ၄ ဦးကို သတ်ဖြတ်သွားတယ်လို့လည်း ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။

ကျိုက်ဒုံမြို့ အခြေစိုက် စစ်ကောင်စီဗျူဟာကုန်းစခန်းကို ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က KNLA /PDF ပူးပေါင်းတပ်ဖွဲ့က အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၆၆) ဦးလက်နက်ချ အညံ့ခံခဲ့တာလည်းရှိခဲ့ပါတယ်။ ကျိုက်ဒုံဗျူဟာကျပြီးတဲ့နောက်မှာတော့စစ်ကောင်စီရဲ့ ဖူ့ချိမူ တပ်စခန်းဟာတခုတည်းသာကျန်တော့ပြီး ဝိုင်းဝန်းပိတ်ဆိုခံထားရတာပါ ၊ အခုအခါမှာတော့ စစ်ကောင်စီတပ်သားတွေ ရိက္ခာပြတ်လတ်မှုတွေဖြစ်ပြီး ခုခံနိုင်မှု မရှိတော့တာကြောင့် ဒီစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ သူကပြောပါတယ်။

"ကော့ကရိတ်မြို့နယ်တပ်မဟာ ၆ ထဲမှာပဲ ကျိုက်ဒုံနဲ့မလှမ်းမကမ်းမှာပဲ ကျိုက်ဒုံဗျူဟာကျသွားတော့ ဒီစခန်းကို ကျနော်တို့က ဝိုင်းဝန်းပိတ်ဆို့ထားတယ် ။ ကျိုက်ဒုံဗျူဟာကို ကျနော်တို့ကမတ်လကတည်းကသိမ်းလိုက်တော့သူတို့က လက်နက်ချအညံ့ခံလာတယ် ထွက်ပြေးတာတွေလည်းရှိတာပေါ့"

ဒီစခန်းဟာ ၁၉၉၇ ခုနှစ်ကတည်းက လာရောက်အခြေချတပ်စွဲထားတဲ့တပ်စခန်းတစ်ခုဖြစ်ပြီးလတ်တလောမှာ အင်အား ၁၀၀ဝန်းကျင်လောက်ပဲရှိတဲ့စခန်းဖြစ်ပါတယ်။ အခုထက်ထိတော့ဖူ့ချိမူ တပ်စခန်းက တပ်သားတွေဟာထိုင်းဘက်ကို အလုံးအရင်းနဲ့ ထွက်ပြေးလာတာမရှိသေးပါဘူး။

ဒီစခန်းက ဒုရင်းမူးအပါအဝင် လူအင်အား ၄၀ကျော်လက်နက်ချသွားတာနဲ့ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အခုဆိုရင် ကော့ကရိတ်မြို့နယ်ထဲက ရေတလျောက်စခန်း၊ မယ်သရောခီးစခန်းနှင့် ကွီးလုံတိုင် စခန်းတွေကိုလည်း KNLA/PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ထားပါတယ် ။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG