သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်မယ့်အရေး အမေရိကန်သတိပေး


စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)
စစ်ဘေးရှောင်မွတ်ဆလင်များကို AA ကကြိုဆိုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည့်မှတ်တမ်းဓာတ်ပုံ (မေ ၁၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်အတွင်း မြို့တွေ မီးရှို့ခံရတာ ရိုဟင်ဂျာတွေသာမက ဒေသနေ ပြည်သူတွေ အိမ်ယာစွန့်ခွာရတာတွေ တိုးလာပြီး အကြမ်းဖက်မှုနဲ့ လူမှု အသိုက်အဝန်းများအကြား တင်းမာမှုတွေတိုးလာတဲ့ သတင်းတွေကြောင့် အမေရိကန်ကစိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး အရင်ကလုပ်ခဲ့သလို လူမျိုးတုန်းသတ်ဖြတ်တာတွေ ဖြစ်လာမှာကိုစိုးရိမ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ‌ ဖေါ်ပြပါတယ်။

အသက်ဆုံးရှုံးရသူတွေနဲ့ ကျန်ရစ်သူတွေ အတွက် တရားမျှတမှုရှိစေရေး တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို ကြမ်းကြုတ်ရက်စက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ယူမှု တာဝန်ခံမှုရှိစေဖို့ အမေရိကန်ပြည်ထောင်စုက ဆက်လက် သန္နိဋ္ဌာန်ချထားတဲ့အကြောင်းနဲ့ ကျူးလွန်တဲ့ စစ်တပ်နဲ့ အခြားတာဝန်ရှိတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိုလည်း ဒဏ်ခတ်အရေးယူသွားမယ့်အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် ခေါ် AA အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး လက်နက်ကိုင် ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ သတင်းတွေကြောင့် စိုးရိမ် ထိတ်လန့်မိတဲ့အကြောင်း ကုလသမဂ္ဂကလည်း သတိပေးထားပါတယ်။ AA အာရက္ခတပ်တော် ကတော့ ဘူးသီးတောင်မြို့သိမ်း တိုက်ပွဲမှာ ဒေသခံ ရိုဟင်ဂျာတွေ တိုက်ခိုက်ခံရတာ မောင်းထုတ်ခံရတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မမှန်ဘူးလို့ ပြန်လည် ငြင်းဆန်ထားပါတယ်။

NUG အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့ ပြောခွင့်ရကတော့ ဘူးသီးတောင်မြို့နယ်မှာ လူမျိုးရေးပဋိပက္ခဖြစ်အောင် ရည်ရွယ်ချက်နဲ့စစ်ကောင်စီဘက်က လုပ်ကြံဖန်တီးနေပြီး အခြေအနေတွေ ရှုပ်ထွေးနေတယ်လို့ VOA ကို ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG