သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတော်လှန်ရေးအင်အားစုတွေကို နိုင်ငံခြားသားတချို့ ကူညီပေးနေ


PDF Zoland က ထုတ်ပြန်သည့် မှတ်တမ်းရုပ်ပုံ
PDF Zoland က ထုတ်ပြန်သည့် မှတ်တမ်းရုပ်ပုံ

အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့အဖွဲ့တွေကို နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတွေက စစ်ပညာတွေသင်ကြားပေးနေတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့တွေက အတည်ပြုပြောပါတယ်။ အခုလို သင်ကြားပေးတာဟာ နွေဦးတော်လှန်ရေးအပေါ် အကျိုးသက်ရောက်မှု ရှိလာမယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။

ချင်းညီနောင်တော်လှန်ရေးအဖွဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ PDF Zoland ကို နိုင်ငံခြားက စေတနာ့ဝန်ထမ်းတွေက စစ်ပညာသင်ကြားပေးနေကြောင်း ဗွီအိုအေ မြန်မာပိုင်းကို အတည်ပြုပြောဆိုပါတယ်။

ဘယ်နိုင်ငံသားတွေ ပါဝင် သင်ကြားပေးနေတယ်ဆိုတာကို မဖြေကြားပေမယ့် မြို့တွင်းစစ်ဆင်ရေး၊ စနိုက်ပါသင်တန်းတွေနဲ့ အထူးကွန်မန်ဒိုသင်တန်းတွေကို သင်ကြားပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို သင်ကြားပေးတဲ့အတွက် တိုးတက်မှုရှိပြီး ပိုပြီးကျစ်လစ်တဲ့ တပ်တခု တည်ဆောက်လာနိုင်တယ်လို့ PDF Zoland တပ်ဖွဲ့က တာဝန်ရှိသူတဦးက အခုလို ဖြေကြားပါတယ်။

"သူတို့လာတာက နည်းနည်းတော့ ၁ နှစ်တော့ ကြာပါပြီ။ အဓိက နိုင်ငံခြား ထောက်ခံသူတွေကနေတဆင့်ပေါ့လေ အဲ့လိုချိတ်ဆက်ပြီးမှ လာဖြစ်တာပေါ့။ လိုအပ်တဲ့ စစ်ပညာတွေကို မြို့တွင်း စစ်ဆင်ရေး စနိုက်ပါ အထူးကွန်မန်ဒို အဲ့လိုမျိုး သင်ကြားပေးတယ်ပေါ့။ သူတို့က နိုင်ငံတကာ ကမ္ဘာ့ အဆင့်မှီ စစ်ပညာကို သင်ပေးတယ်ဆိုတော့ ကျွန်တော်တို့အတွက် အများကြီး ပြောင်းလဲမှု ပိုရတယ်ပေါ့လေ။ တပ်တွင်းမှာ ပိုပြီး ကျစ်လစ်တဲ့ တပ်တခုကိုတော့ အတိုင်းတာတခုအထိ တည်ဆောက်နိုင်တယ်ပေါ့။ အဓိက စေတနာ့ဝန်ထမ်းဆိုတော့ သူတို့ တတ်စွမ်းတဲ့ အရာတွေကို သင်ပေးကြတာပေါ့။ ဒီလောက်ပါပဲ။"

အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်ဖို့ နိုင်ငံခြားက စေတနာ့ဝန်ထမ်းတွေ ပါဝင်လာတာကြောင့် နွေဦးတော်လှန်ရေးအတွက် အကျိုးရှိသလို စစ်ရေးရေချိန်လည်း မြင့်တက်လာနိုင်တယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ရှိသူတဦးက သူ့အမြင်ကို အခုလို ပြောပါတယ်။

"နိုင်ငံရပ်ခြားကနေ ဒီလိုမျိုးလာပြီးတော့ လက်တွေ့ သင်ကြားပို့ချတယ်။ သူတို့ စစ်ပညာတွေ မျှဝေတယ်ဆိုရင် ကျွန်တော်တို့ တော်လှန်ရေးအတွက် ကောင်းမွန်တဲ့ အထောက်အပံ့တွေဖြစ်ပါတယ်။ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ အကြမ်းဖက် စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေဖြစ်နေတာ ရှိပါတယ်။ ဒီထက်ပိုပြီး တော်လှန်ရေး အင်အားစုတွေဘက်က အရှိန်အဟုန်မြှင့်ပြီးတော့ တိုက်ပွဲတွေကို ပိုပြီးတော့ စခန်းသိမ်းတာတွေ မြို့သိမ်းတာတွေ ဒီဟာတွေကို မျှော်မှန်းပြီး လုပ်ကိုင်ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲ့တော့ ပိုပြီးတော့ ကောင်းလာနိုင်ပါတယ်။ တော်လှန်ရေးရဲ့ ရေချိန်ကလည်း မြင့်လာတာပေါ့။"

နိုင်ငံခြားသား စေတနာ့ဝန်ထမ်းတွေ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ပါဝင်တိုက်ခိုက် သင်ကြားပေးတာနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာတုန့်ပြန် ပြောဆိုထားတာတော့ မရှိသေးပါဘူး။

နွေဦးတော်လှန်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ ဗြိတိန်စစ်သားဟောင်း တဦးက သူဟာ ကြေးစား စစ်သားမဟုတ်ဘဲ မှန်တယ်ထင်တဲ့ဘက်ကနေ ရပ်တည် လုပ်ကိုင်နေတာသာဖြစ်တယ်လို့ နိုင်ငံခြား သတင်းဌာနတချို့ကို ထုတ်ဖော် ပြောဆိုထားပါတယ်။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG