သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က မစောတံတား မိုင်းခွဲ​ တိုက်ခိုက်ခံရ


ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က မစောတံတား မိုင်းခွဲ​ တိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (မေ ၂၃၊ ၂၀၂၄)
ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က မစောတံတား မိုင်းခွဲ​ တိုက်ခိုက်ခံရအပြီးတွေ့ရစဉ် (မေ ၂၃၊ ၂၀၂၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိတဲ့ မစောတံတားဟာ မေလ ၂၃ရက်၊ ဒီကနေ့မနက်ပိုင်းက မိုင်းဖောက်ခံရပြီး ပြိုကျသွားခဲ့ပါတယ်။ တံတားပေါ် ဖြတ်သန်းသွားလာနေတဲ့ ဒေသခံတွေ သေဆုံးတာတွေ ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တံတား မိုင်းခွဲခံလိုက်ရတာကြောင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေ ဖြစ်ရတယ်လို့လည်း ကုန်ပစ္စည်းပို့ဆောင်တဲ့ လုပ်ငန်းလုပ်ကိုင်နေသူ ကားသမားတွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ်နဲ့ ရန်ကုန်အကြား ကုန်စည် ပို့ဆောင်ရေးမှာ အရေးပါတဲ့ ဘီးလင်းမြို့နယ်အတွင်းက ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်က မစောတံတား ဒီကနေ့မနက်ပိုင်းက မိုင်းခွဲခံရပြီး ပြိုကျသွားခဲ့ပါတယ်။ ဒီအတွက် လူသေဆုံးမူတွေရှိတယ်လို့ဒေသတွေကဆိုပါတယ်။ ဒီတံတားဟာ အရင်မိုင်းခွဲလို့ကျိုးသွားတဲ့ ကျုံအိတ်တံတားနဲ့ သိတ်မဝေးကြောင်း ခရီးသွားကုန်သည်တဦးက ပြောပါတယ်။

"ဘီးလင်းနားမှာပဲ အရင်မိုင်းခွဲလို့ ကျိုးသွာတဲ့တံတားနဲ့ သိပ်မဝေးဘူး။ မိုင်းခွဲတာလား သေချာတော့မသိသေးဘူး။လောလောဆယ် လာလို့တော့ မရသေးဘူး။ကားသေးတွေကတော့ ရွာတန်းတွေက ပတ်နေတယ်။ မော်လမြိုင်-ရန်ကုန် / ဘားအံ-ရန်ကုန် ကားလမ်းပိုင်းပါပဲ။ အဲဒီလမ်းမမှာပဲ တလမ်းတည်းပါပဲ။"

အခုလို တံတား မိုင်းခွဲခံလိုက်ရတာကြောင့် သေဆုံး၊ ဒဏ်ရာရမှုတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတဦးသေဆုံးသွားပြီး နောက်ထပ် ၂ဦးလောက် ဒဏ်ရာတွေ ပြင်းထန်စွာရခဲ့တယ်လို့ ဆိုပါတယ်။

သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံကို ပို့ထားရပါတယ်။ မိုင်းခွဲမှု ဖြစ်ပြီးတဲ့နောက် ဘီးလင်းတိုးဂိတ်မှာတော့ကားအစီးရေ တော်တော်များများ ပိတ်မိနေတယ်လို့လည်း ကားသမားတွေက ပြောပါတယ်။

အခုလိုတံတားတွေ မိုင်းခွဲခံရတဲ့အတွက် အဲဒီလမ်းပိုင်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ကားသမားတွေ၊ ကုန်သည်တွေအတွက် အခက်အခဲတွေဖြစ်ရသလို ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးလုပ်ကိုင်နေတဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းတွေလည်း အခက်အခဲတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။

တံတားတွေမိုင်းခွဲခံရပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသလို ကုန်ပစ္စည်းတွေ အချိန်မှန်မရောက်တဲ့ အခက်အခဲကိုလည်းကြုံရကြောင်း ကုန်ပစည်းပို့ဆောင်ရေးလုပ်ငန်းက တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

"လမ်းပိုင်းမှာ ကျနော်တိုလို့ ကုန်ပစ္စည်းနဲ့ပတ်သက်လို့ အလုပ်လုပ်ရတဲ့သူတွေအတွက်ကော၊ ကားသမားတွေအတွက်ကောတံတားတွေကျိုးတဲ့အတွက် ပစ္စည်းသယ်ယူမှုတွေက အခက်အခဲတွေဖြစ်တယ်။ တံတားတွေကျိုးတဲ့အတွက် ပစ္စည်းသယ်ယူဖို့မလွယ်တော့ဘူး၊ အခက်အခဲတွေဖြစ်ပါတယ်။ လူတွေကလည်းတောင်းဆိုတယ်။ အချိန်ကြန့်ကြာတော့ သူတို့ ပြောတဲ့အချိန်မရောက်တာတို့ဖြစ်တယ်၊ ကားဆရာတွေဆိုရင် အကုန်လုံးပစ္စည်းသယ်ပို့မှ မိသားစု စားဝတ်နေရေးအဆင်ပြေမယ့်သူတွေက ပစ္စည်းတွေကို ရောက်အောင်တော့ ပို့ရတာပါပဲ။ ဒါပေမယ့်ရက်ကြာတယ်။ ပြီးတော့ လမ်းမှာ ဒါးနဲ့အခွဲခံရတာတို့၊ ရက်ကြာတော့ ထားမခံမယ့်ပစ္စည်းကျတော့လည်း ပုတ်တာတို့၊ သိုးတာ၊ မှိုတက်တာတို့ဖြစ်လာတာပေါ့။"

အခုဆိုရင်ကားသမားတွေကတော့ ကားလမ်းတွေ တံတားတွေမိုင်းခွဲခံရရင် လမ်းဘေးကနေ ပတ်မောင်းတာ၊ ရွာထဲ ရွာပြင်တွေ၊ တောလမ်းတွေကနေ ပတ်မောင်းတာတွေရှိပေမယ့် ကားငယ်တွေသာ သွားလာလို့ရတဲ့အတွက်လည်း ပစ္စည်းတွေ တချိန်တည်းမရောက်တာကြောင့် အခက်အခဲတွေဖြစ်ရတယ်လို့လည်း ဆက်ပြောပြပါတယ်။

"နဂိုက ပစ္စည်းက ၃ထုတ်ရောက်ရမယ့်နေရာမှာ ၂ထုတ်ပဲရောက်တာတို့၊ နောက် တထုတ်ကနောက်မှ ပြန်ရောက်တာတို့၊ ဘယ်နေ့ရောက်မယ်ဆိုတာ မသိတာတို့ဖြစ်တယ်။ ပစ္စည်းလမ်းကြောင်းသယ်တာ လေးငါးလမ်းကြောင်းကနေ ကားသမားကတော့ဖြစ်သလို သယ်ဆောင်ရတာပေါ့။"

ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာအထွက်က မစောတံတား လိုမျိုးတံတားငယ် ၃ခုလောက်ရှိတဲ့အနက် အခု မစောတံတား မိုင်းခွဲခံရတာဖြစ်ပါတယ်၊

မေလ (၁၁)ရက်မနက်ပိုင်းကတော့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာအုပ်စုက ကျုံအိတ်တံတား မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ကားသမားတွေက တံတားဘေးက မြေနီလမ်းကနေ ကားငယ်လေးတွေနဲ့ သွားလာရပါတယ်။ တချို့ကတော့ ရွာအတွင်းပိုင်းထဲဝင်ပြီး ရွာတွေကို ပတ်မောင်းပြီး သွားလာကြတာတွေလည်း ရှိပါတယ်။ အခု မစောတံတားမိုင်းခွဲခံရမှုကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ရာမှာ KNLA/PDF လက်ချက်ဖြစ်ကြောင်း၊ တံတားမိုင်းခွဲမှုကြောင့် ဆိုင်ကယ် ၃စီးတံတားပေါ်ကနေ ပြုတ်ကျခဲ့ပြီး တဦးသေဆုံးကာ ၂ဦးဒဏ်ရာရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကျုံအိတ်တံတားမိုင်းခွဲတုန်းကလည်း KNLA/PDF ပူးပေါင်းတပ်တွေမိုင်းခွဲ ဖျက်ဆီးခဲ့တာလို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG