ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းက Jenin မြို့ကို အစ္စရေးတပ်တွေ ၂ ရက်ကြာ ဝင်ရောက်စီးနင်းမှု ဒီနေ့ အဆုံးသတ်သွားပါပြီ။ စီးနင်းတိုက်တိုက်မှုအတွင်း ၁၂ ယောက်ထက်မနည်း သေဆုံးပြီး ၂၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီဒေသထဲမှာရှိတဲ့ စစ်သွေးကြွတွေကို တိုက်ခိုက်တာဖြစ်တယ်လို့ အစ္စရေးတို့ကပြောပြီး အင်္ဂါနေ့က စစ်ဆင်ရေး စတင်လုပ်ခဲ့တာပါ။
ဂါဇာဒေသတောင်ပိုင်းက Rafah မြို့၊ အလယ်ပိုင်းနဲ့ မြောက်ပိုင်းက Jabaliya ဒေသတွေအပေါ် အစ္စရေးတပ်တွေ မြေပြင်ကရော လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး အမိန့်ကို အရေးပေါ် ချမှတ်ပေးဖို့ တောင်အာဖရိကနိုင်ငံရဲ့ တောင်းဆိုထားမှုအပေါ် ဆုံးဖြတ်ချက်ကို သောကြာနေ့မှာ ချမှတ်မယ်လို့ နိုင်ငံတကာတရားရုံး ICJ က ဒီနေ့ပြောပါတယ်။
ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ တောင်အာဖရိကနိုင်ငံက စွပ်စွဲပြီး ICJ မှာ တရားစွဲထားတာဖြစ်ပါတယ်။ လူသားချင်းစာနာတဲ့အကူအညီ အလွန်အမင်းလိုနေတဲ့ ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူတွေအတွက် အကူအညီပို့ပေးနိုင်ဖို့ ကြိုးစားနေကြချိန်မှာ Rafah မြို့ထဲ အကူအညီတွေပို့ပေးလို့ရတဲ့ အဓိက ဝင်ပေါက်တခုကို ပိတ်ထားတဲ့အပေါ် အမေရိကန်အစိုးရက အင်မတန်စိုးရိမ်တယ်လို့ နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောကြားထားပါတယ်။
ပိတ်ထားတဲ့ Rafah ဂိတ်ကို ပြန်ဖွင့်ပေးဖို့အတွက် သမ္မတ Joe Biden က အောက်တိုဘာလထဲက ကြိုးစားနေတယ်လို့ အောက်လွှတ်တော် ဘတ်ဂျက်ခွဲဝေရေးကော်မတီ ကြားနာပွဲမှာ ဝန်ကြီး Blinken ကပြောကြားခဲ့ပါတယ်။ Rafah မြို့နဲ့ အီဂျစ်နိုင်ငံကို သွားလာနိုင်တဲ့ ဂိတ်ကို အစ္စရေးတပ်တွေက မေလ ၆ ရက်နေ့ထဲက ပိတ်ဆို့ထားတာဖြစ်ပါတယ်။
Forum