သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပဋိပက္ခတွေကြားက သတင်းတု၊ သတင်းမှား အန္တရာယ် (တွေ့ဆုံမေးမြန်းခန်း)


PVTV သတင်းဌာနတာဝန်ခံ ဦးနေဘုန်းလတ်နဲ့ ဗွီအိုအေသီးသန့်တွေ့ဆုံမေးမြန်းမှု (မေ ၂၇၊ ၂၀၂၄/ ဗွီအိုအေ)
PVTV သတင်းဌာနတာဝန်ခံ ဦးနေဘုန်းလတ်နဲ့ ဗွီအိုအေသီးသန့်တွေ့ဆုံမေးမြန်းမှု (မေ ၂၇၊ ၂၀၂၄/ ဗွီအိုအေ)

ရခိုင်ပြည်နယ်က ထိလွယ်ရှလွယ်တဲ့ အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခတွေပိုပြီးကြီးထွားအောင် စစ်ကောင်စီက ဖန်တီးနေရာမှာ သတင်းတု၊ သတင်းမှားတွေပါ ဖြန့်ချိတဲ့ နည်းနာကို အသုံးပြုနေကြောင်း PVTV တာ၀န်ခံမန်နေဂျာ ဦးနေဘုန်းလတ်က ဗွီအိုအေကိုပြောပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနဖြစ်တဲ့ ထိုင်းအခြေစိုက် PVTV ရုံးကိုသွားရောက်ပြီး မအင်ကြင်းနိုင်က ဦးနေဘုန်းလတ်ကို မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ မင်္ဂလာပါ ဦးနေဘုန်းလတ်ရှင့်။ ကျမတို့ အခု အင်တာဗျူး မစခင်အချိန်မှာပဲ NUG ရဲ့ statement ပေ့ါနော်- ကျမတို့တွေ့ရပါတယ်။ NUG နဲ့ပတ်သက်ပြီးတော့ ရခိုင်ကိစ္စမှာ ကြေညာချက်ထုတ်တဲ့အခါမှာ သတင်းအတုအနေနဲ့ နောက်တဲ့ကြေညာချက်တစောင် မျိုးပေ့ါလေ - ထွက်နေတယ်ဆိုတာကို ပြန်ပြီးချေပထားတာ တွေ့ရပါတယ်။ ဆိုတော့ - အခုလက်ရှိ တော်လှန်ရေးနဲ့ပတ်သက်တာပဲဖြစ်ဖြစ် NUG နဲ့ ပတ်သက်တာပဲဖြစ်ဖြစ် သတင်းအတုတွေ၊ သတင်းအမှားတွေရဲ့ အခြေအနေ ဘယ်လောက်အထိ ရှိနေလဲရှင့်။

ဦးနေဘုန်းလတ်။ ။ ဟုတ်တယ်။ ကျနော်တို့လည်း တနေ့ တနေ့ အဲဒါပဲ​မနည်းလိုက်ကြည့်နေရတယ်။ သူတို့က နည်းလမ်းပေါင်းစုံနဲ့ဖြန့်တယ်။ ပို့စ်တွေတင်တာရှိတယ်။ အခုဟာဆိုရင် ကျနော်တို့သိရသလောက် comment တွေထဲမှာ လိုက်လိုက်ထည့်တာပေါ့နော်။ MOHR ပေါ့နော်။ လူ့အခွင့်အရေးဌာနအမှတ်တံဆိပ်နဲ့ တကယ်လည်းထုတ်ထားတာမဟုတ်တဲ့ အတုကြီးကို ကျနော်တို့ဝန်ကြီးဌာနရဲ့ ကွန်မဲန့်တွေအောက်မှာ လိုက်ပြီးတော့ ဖြန့်နေတာတွေ့ရတယ်။ အဲဒါကြောင့်လည်း ဒါက အတုဖြစ်ကြောင်း ပြန်ပြီးတော့ ဖြေရှင်းချက်ထုတ်ရတယ်ပေါ့နော်။

ဆိုလိုတာက စစ်ကောင်စီဘက်တော့ သိတဲ့အတိုင်းပဲလေ။ သတင်းအတု သတင်းအမှားတွေကို အမြဲတမ်း ခေတ်အဆက်ဆက်လည်း သူတို့လုပ်ခဲ့တယ်ပေါ့နော်။ ကျနော်နားလည်သလောက်ဆိုရင် သုံးမျိုးပေါ့။ misinformation ရှိတယ်။ disinformation ရှိတယ်။ malinformation ရှိတယ်။ အဲဒီထဲမှာ misinfromation ကတော့ သူတို့အလုပ်ဆုံးပဲ။ misinfromation ကတော့ ကျနော်နားလည်တဲ့အဓိပ္ပါယ်အရ သူက အချက်အလက်ကလည်း မှားတယ်။ ရည်ရွယ်ချက်ကလည်း မကောင်းဘူး။ အဲဒါတွေကတော့ သူတို့ တောက်လျှောက်ဖြန့်တယ်ပေါ့။ အဲဒီမှာမှ disinformation ကျတော့ သူက တမျိုးရှိတယ်။ နောက်တခု malinformation လည်း ဒီကောင်တွေ လုပ်တယ်ဗျ။ Malinformation ကတော့ leak ဖြစ်တဲ့ပုံစံမျိုးပေ့ါနော်။ ဥပမာအနေနဲ့ပြောရမယ်ဆို ဟိုတလောက နာမည်ကြီး မင်းသား မင်းသမီး အဆိုတော်တွေရဲ့အတွင်းရေးတွေ leak ဖြစ်တယ်ပေါ့နော်။ အဲလိုပုံစံမျိုးနဲ့- ဒါလည်းပဲ ကျနော်နားလည်သလောက် လေ့လာသလောက် ဒီကောင်တွေပဲ လုပ်တာပဲ။ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတယ်။

အရင်တုန်းကလည်း အနုပညာရှင်တွေကို ဖမ်းဆီးပြီး တချို့ကိစ္စတွေမှာ စစ်ဆေးမေးမြန်းထားပြီး ဖော်တဲ့ကိစ္စတွေကို သူတို့က keep လုပ်ထားပြီး အချိန်ကျရင် ဒါကြီးကို ဖောက်ခွဲလိုက်တာမျိုးပေါ့နော်။ အဲလိုပုံစံမျိုးတွေ ကျနော်တို့က အများကြီးတွေ့ရတယ်။ အဲဒီတော့ misinformation, disinformation, malinformation သုံးမျိုးလုံးမှာတော့ သူတို့ကတော့ disinformation နဲ့ malinformation ကိုတော့ တော်တော်လေး ဖြန့်တဲ့သဘောရှိတာပေါ့။ အဲဒီမှာမှ ဖြန့်တဲ့ channel တွေကို ကြည့်မယ်ဆိုရင်တော့ ကျနော်တို့လေ့လာသလောက်တော့ facebook ပေါ်မှာသိပ်နေရာမရတဲ့အခါမှ တယ်လီဂရမ်ကို ပိုပြီးအသုံးများတာကို တွေ့ရတယ်ပေါ့။

အင်ကြင်းနိုင်။ ။ အဲဒီနေရာမှာ NUG ရဲ့ statement အတုပေါ့လေ- သူတို့က ထုတ်တယ်ဆိုတဲ့နေရာမှာ အဓိက ဘယ်လို အချက်တွေကို သူတို့ ဖော်ပြထားလဲ။

ဦးနေဘုန်းလတ်။ ။ အခုကာလ ရခိုင်ဘက်က လက်ရှိဖြစ်နေတဲ့စစ်ပွဲတွေပေါ့နော်။ ရခိုင်ဘက်ကစစ်ပွဲတွေနဲ့ပတ်သက်ပြီးတော့ AA အပေါ်မှာ AA က တချို့သောကိစ္စတွေကို ကျူးလွန်ပါတယ်ဆိုတာမျိုး ဒါကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ရှုတ်ချပါတယ်ဆိုတဲ့ပုံစံမျိုးပေါ့။ အဓိက-ကတော့ AA နဲ့ NUG ကို ရန်တိုက်ပေးတဲ့ပုံစံမျိုး အဲဒီထဲမှာ ရေးထားတာပေါ့နော်။ ဒါကတော့ အားလုံးသိတဲ့အတိုင်းပဲ​၊ ဒီ တော်လှန်ရေးကိုဆင်နွဲနေတာ NUG တခုတည်းလုပ်လို့ အောင်မြင်မှာမဟုတ်ဘူး။ အဲဒါကြောင့်မို့လို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ ပေါင်းပြီးတော့ ညီညွတ်ရေးကိုတည်ဆောက်ပြီးတော့ ဒီတော်လှန်ရေးကို အောင် အောင် လုပ်မယ်ဆိုပြီးတော့ ကျနော်တို့က အားလုံးနဲ့ညီညွတ်ရေးတည်ဆောက်နေတဲ့အချိန်ပေါ့။ အဲဒါကြောင့်မို့လို ကိုမင်းနိုင်ဆို အမြဲပြောတယ်၊ 'သွေးခွဲတဲ့ဗျူဟာ' ကို သုံးတာပဲ။ အခု ဒီ စတိတ်မဲန့်အတုကိုကြည့်ရင်လည်း တမင်သက်သက် AA နဲ့ NUG ကြားမှာ မညီမညွတ်ဖြစ်အောင်၊ တယောက်နဲ့တယောက်အထင်လွဲအောင် သွေးခွဲဖို့ သူတို့ကြိုးစားတဲ့သဘောပေါ့နော်။ အဲဒါကြောင့်မို့လို ကျနော်တို့က ဒီဟာ NUG နဲ့ AA ကြားမှမဟုတ်ဘူး။ သူတို့ကတော့ တော်လှန်ရေးအင်အားစုကြားထဲမှာ တယောက်နဲ့တယောက် အမြင်တွေ မကြည်မလင်တွေဖြစ်ပြီးတော့ သွေးကွဲလေလေ ကောင်းလေလေပဲ။ စစ်အာဏာရှင်အဆက်ဆက်က သိတဲ့အတိုင်းပဲ။ Divide and Rule ပဲ။ အားလုံးညီညွတ်နေရင် သူတို့ ဘာမှ အုပ်ချုပ်လို့မရဘူး။ အဲဒီတော့ သူတို့ကတော့ divide ဖြစ်အောင်လုပ်မှာပဲ။ ဒီသဘောနဲ့လုပ်တာကိုတွေ့ရတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒါတွေကို သတိကြီးကြီးနဲ့ အတုဆိုရင်လည်း အတုဖြစ်တဲ့အကြောင်းကို သိဖို့လိုတယ်။ အဲလိုမဟုတ်ဘဲနဲ့ ဒါကြီးက NUG က တကယ်ထုတ်တာလားဆိုတဲ့အမြင်မျိုးဖြစ်သွားရင်တော့ ကျနော်တို့အချင်းချင်းကြားထဲမှာ သွေးကွဲတဲ့ကိစ္စတွေ ဖြစ်လာနိုင်တာပေါ့။

Forum

XS
SM
MD
LG