သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးလွန်တုပ်ကွေး ဖြစ်လာလျှင် အန္တရာယ်ကြီးသူများ


ဖိလစ်ပိုင်နိုင်ငံရှိ သွေးလွန်တုပ်ကွေး ကုသရေးခန်း (AP Photo)
ဖိလစ်ပိုင်နိုင်ငံရှိ သွေးလွန်တုပ်ကွေး ကုသရေးခန်း (AP Photo)

မိုးတွင်းထဲ ပိုတွေ့ရတဲ့ သွေးလွန်တုပ်ကွေး ဖြစ်လာလျှင် အန္တရာယ်လက္ခဏာ မပြပေမဲ့၊ အသက်အန္တရာယ်ရှိသူ ဖြစ်နေလျှင်လည်း ဆေးရုံကြိုတင်ထားဖို့ ကျန်းမာရေးပညာရှင်တွေက သတိပေးအကြံပြုပါတယ်။

သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိပြီး အန္တရာယ်လက္ခဏာ မပေါ်ပေမဲ့၊ အန္တရာယ်ရှိတဲ့ လူနာမျိုးဖြစ်နေလျှင်တော့ ဆေးရုံ ကြိုတင်ထားသင့်ပါတယ်။ ဒီ လူနာတွေကတော့ တစ်နှစ်အောက်ကလေး၊ အဝလွန်တဲ့ကလေး၊ တခြားရောဂါရှိသူနဲ့ အမြန်ဆေးရုံတင်ဖို့ ခက်သူတွေပါ။ အကြောင်းကတော့ တစ်နှစ်အောက်ကလေးတွေမှာ အကြောဆေးသွင်းတဲ့ ပိုက်ထည့်ဖို့ ခက်တာနဲ့ စောင့်ကြည့်ဖို့ လိုတာကြောင့်ပါ။ အဝလွန်တဲ့ကလေးတွေမှာလည်း အကြောဆေးသွင်း ပိုက်ထည့်ရခက်တာအပြင် ပိုမှန်းဆရခက်တာနဲ့၊ ဆေးရည်သွင်းတဲ့ပမာဏ သာမန်ကလေးနဲ့မတူဘဲ အထူးတွက်ချက်ရလို့ပါ။

ဒါ့အပြင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ခြေရှိပြီး တခြားရောဂါ ရှိသူတွေနဲ့ အမြန်ဆေးရုံတင်ဖို့ လမ်းအခက်အခဲ ရှိသူတွေပါ ဆေးရုံတင်ထားသင့်ပါတယ်။ မွေးရာပါ နှလုံးရောဂါနဲ့ သွေးနဲ့ သွေးအားနည်းရောဂါ ရှိသူတွေ (ဥပမာ Thalassemia)၊ ကိုယ်ခံအားနည်းရောဂါ ရှိသူတွေတွေ (ဥပမာ HIV/AIDS)၊ ဆီးချို ရှိသူတွေ၊ နာတာရှည်ကျောက်ကပ်ရောဂါ ရှိသူတွေကိုလည်း ဆေးရုံကြိုတင်ထားသင့်ပါတယ်။ တချိန်ထဲမှာ သွေးလွန်တုပ်ကွေးကြောင့် သွေးလန့်တာက အချိန်မရွေးဖြစ်နိုင်တာမို့ ဆေးရုံနဲ့ဝေးသူ၊ ညပိုင်း လမ်းခရီးခက်ခဲနိုင်သူတွေကို ဆေးရုံကြိုတင်ထားသင့်ပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် အန္တရာယ်ရှိတဲ့ သွေးလန့်တာ ဖြစ်လာနိုင်သူမျိုးနဲ့ အချိန်ကိုလည်း သိထားပြီး၊ လိုအပ်လျှင် ချက်ချင်းဆေးရုံတင်သင့်ပါတယ်။ သွေးလန့်တဲ့အဆင့် ရောက်ဖို့များသူတွေကတော့၊ အစကတည်းက အပြင်းဖျားပြီး မလန်းဆန်းဘဲ မှိန်းနေတတ်သူတွေပါ။ ဒီအဆင့် စရောက်လေ့ရှိချိန်ကလည်း ဖျားပြီး ၃ ရက်ကနေ ၅ ရက်အတွင်း၊ အဖျားကျသွားပေမဲ့ မလန်းဆန်းဘဲ ဆက်မှိန်းနေချိန်မှာပါ။ ဒီအချိန်မှာ အဖျားကျပြီး ခေါင်းမထောင်နိုင်၊ မကစားနိုင်ဘဲ စားသောက်ချင် စိတ်မရှိတာ၊ ဆက်တိုက် ဗိုက်နာတာနဲ့ အံတာ၊ နောက်ပိုင်းမှာ ခြေလက်အေး၊ ကယောင်ကတန်းအထိ ဖြစ်လာနိုင်ပါတယ်။

အခုလို အန္တရာယ်ရှိတဲ့ လူနာမျိုးတွေကို ဆေးရုံတင်ထားရတာက သွေးလန့်တဲ့အဆင့် မရောက်အောင်နဲ့ မပြင်းထန်အောင် လုပ်ပေးထားနိုင်လို့ပါ။ ဒီလူနာတွေကို ဆေးရုံမှာ ကြိုတင်အကြောဆေးရည် စသွင်းပြီး၊ အသင့်စောင့်ကြည့်ထားနိုင်ပါတယ်။ ဒါ့အပြင် ဆေးရုံမှာရော အိမ်မှာပါ တခါတရံ သတိမပြုမိတတ်တဲ့ သွေးလန့်တဲ့အဆင့် ရောက်ခဲ့လျှင်လည်း၊ ဒီကာလကို အနည်းဆုံးဖြစ်အောင် အမြန်ကုပေးနိုင်ပါတယ်။ အကြောင်းက သွေးလန့်ချိန် ကြာလာတာနဲ့အမျှ၊ ပိုအသက်အန္တရာယ်ရှိတဲ့ ကိုယ်တွင်းအင်္ဂါတွေထဲ သွေးယိုတဲ့အဆင့် ရောက်တာမို့ ဒီအဆင့်ကိုလည်း ကြိုကာကွယ်ပေးနိုင်တာပါ။

သွေးလန့်ထောင်ချောက်ကျပြီး အသက်မဆုံးရှုံးရေး အလွယ်မှတ်မိသတိပြုနိုင်ဖို့ ကဗျာတပုဒ် ရှိပါတယ်။ သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဂါထာလို့ ခေါ်ပါတယ်။ မြန်မာမှာ သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာနဲ့ သွေးလန့်ကာနီးကို ကြိုသိဖို့ပါ။ ကဗျာကတော့ “ရာသီတိုင်းတွင် ဖျားနာလျှင် သွေးလွန်တုပ်ကွေးမှတ်၊ အဖျားကျစဉ် မလန်းလျှင် အစဉ်သတိချပ်” ပါ။ ဆိုလိုတာက၊ ရာသီတိုင်း အထူးသဖြင့် မိုးတွင်းမှာ အဖျားပြင်းပြီးမှိန်းလျှင် သွေးလွန်တုပ်ကွေး ဖြစ်နိုင်တာနဲ့ အဖျားကျချိန်ထိ မလန်းလျှင် သွေးလန့်တဲ့အခြေအနေ ဝင်သွားတာကို ကြိုသိပြီး အမြန်ဆုံး ဆေးရုံသွား ကုသမှုခံယူဖို့ပါ။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်းကို ဆက်သွယ်မေးမြန်းတင်ပြခဲ့ပါတယ်။

Forum

XS
SM
MD
LG