သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် ရုရှားသွားမည်


(မှတ်တမ်းပုံဟောင်း) ရုရှားသမ္မတ ပူတင်နဲ့ ​​​​​​​အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီ တို့ကို ထိပ်သီးညီလာခံတခုမှာတွေ့ရ။
(မှတ်တမ်းပုံဟောင်း) ရုရှားသမ္မတ ပူတင်နဲ့ ​​​​​​​အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီ တို့ကို ထိပ်သီးညီလာခံတခုမှာတွေ့ရ။


အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာမိုဒီဟာ လာမယ့် တနင်္လာနေ့မှာ ရုရှားနိုင်ငံကို ၂ ရက် ခရီးစဉ်လာရောက်မှာ ဖြစ်ကြောင်း ရုရှားအစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာ အိန္ဒိယဝန်ကြီးချုပ် လာရောက်မယ့်နေ့ကို ပထမဆုံး တရားဝင် ထုတ်ပြန်တာ ဖြစ်ပါတယ်။ စစ်ဆေးခေတ်ကာလ ကတည်းက ရုရှားဟာ အိန္ဒိယနဲ့ ခိုင်မာတဲ့ဆက်ဆံရေး ရှိခဲ့တာဖြစ်ပြီး ၂၀၂၂ ယူကရိန်းကို ရုရှား ကျူးကျော်စစ် စတင်ချိန်ကစပြီး အိန္ဒိယဟာ ရုရှားအတွက် အဓိကကုန်သွယ်ဖက် ဖြစ်လာတာပါ။

အမေရိကန်နဲ့ မဟာမိတ်တွေက ရုရှားပို့ကုန်တွေ အနောက်နိုင်ငံ ဈေးကွက်မဝင်နိုင်အောင် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လာတဲ့နောက်ပိုင်း ရုရှားရဲ့ရေနံ သဘာဝဓါတ်ငွေ့တွေ အဓိကဝယ်ယူသူက တရုတ်နဲ့ အိန္ဒိယ ဖြစ်လာခဲ့ပါတယ်။
ဝန်ကြီးချုပ် နရိန်ဒရာမိုဒီ လက်ထက်မှာတော့ ယူကရိန်းကိုဝင်သိမ်းတဲ့ ရုရှားလုပ်ရပ်ကို အိန္ဒိယက ပြစ်တင်ရှုတ်ချတာ မလုပ်ပဲ ငြိမ်းချမ်းစွာအဖြေရှာဖို့ လိုတယ်လို့သား ပြောကြားခဲ့တာပါ။

ဒါပေမယ့် ရုရှားက အိန္ဒိယရဲ့ အဓိကပြိုင်ဘက် တရုတ်နဲ့ နီးကပ်တဲ့ဆက်ဆံရေး ထူထောင်လာချိန်ကစပြီး ရုရှား - အိန္ဒိယ ဆက်ဆံရေး တင်းမာမှု ရှိလာခဲ့ပါတယ်။ အနောက်မဟာမိတ်တွေကို တန်ပြန်ထိုးနှက်ဖို့ ရုရှားနဲ့ တရုတ်တို့ ဖွ့ဲစည်းလိုက်တဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ကြာသပတေးနေ့က ကျင်းပတဲ့ ထိပ်သီး အစည်းဝေးကိုလည်း အိန္ဒိယဝန်ကြီးချုပ် မတက်ပဲ နေခဲ့တာပါ။

ရုရှား သမ္မတ Vladimir Putin နဲ့ တရုတ်သမ္မတ ရှီကျင့်ပင်တို့ ကိုယ်တိုင်တက်ရောက်တဲ့ ကာဇက်စတန် မြို့တော် Astana မှာ ကျင်းပတဲ့ ဒီနှစ်ပတ်လည် အစည်းဝေးအတွက် သူ့နိုင်ငံခြားရေးဝန်ကြီးကိုပဲ မိုဒီက စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် မိုဒီဟာ ရုရှားအရှေ့ပိုင်း ဗလာဒီဗော့စ်တော့မှာ ၂၀၁၉ ကကျင်းပတဲ့ စီးပွါးရေးဖိုရမ်ကို တက်ရောက်ဖို့ ရုရှားကို နောက်ဆုံး သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ မိုဒီရဲ့ ရှေ့သီတင်းပတ် ရုရှားခရီးစဉ်မှာ အိန္ဒိယနဲ့ ရုရှားကြား ညီမျှမှု မရှိတဲ့ ကုန်သွယ်ရေးကို ပြန်ညှိဖို့အပြင် ယူကရိန်းစစ်ပွဲမှာ အိန္ဒိယရဲ့အနေထားကို ဆွေးနွေးဖို့ရှိတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။ ဇူလိုင် ၈ ရက်နဲ့ ၉ ရက် သွားရောက်မယ့် ဒီရုရှားခရီးစဉ်ဟာ အိန္ဒိယနဲ့ ရုရှားကြား ၂၀၀၀ ခုနှစ်က စတင်ခဲ့တဲ့ ၂ နိုင်ငံ ခေါင်းဆောင် ၂ ဦးရဲ့ နှစ်စဉ် တွေ့ဆုံမှုရဲ့ အစိတ်အပိုင်း တခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG