သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump စည်းရုံးရေးပွဲ ပစ်ခတ်မှုဖြစ်ပွား၊ သမ္မတဟောင်း Trump ဘေးကင်းလုံခြုံ


Election 2024 Trump
Election 2024 Trump

သမ္မတဟောင်း Trump ရဲ့ Pennsylvania ပြည်နယ် Butler မှာ လုပ်တဲ့ ရွေးကောက်ပွဲ စည်းရုံးရေးပွဲမှာ လူအုပ်ထဲကနေ သေနက်သံကြားရတဲ့နောက် Trump ကို စင်ပေါ်ကနေ လုံခြုံရေးတာဝန်ရှိသူတွေက ခေါ်ထုတ်သွားရပါတယ်။ ဇူလှိုင်လ ၁၃ ရက်နေ့လုပ်တဲ့ ဒီစည်းရုံးရေးလူထုစုဝေးပွဲ ညနေ ၆ နာရီလောက်မှာ အခုလို ပစ်ခတ်သံကြားရပြီး၊ လုံခြုံရေးတာဝန်ရှိသူတွေ ခေါ်ထုတ်တဲ့ကြားမှပဲ သမ္မတဟောင်း Trump က လက်သီးလက်မောင်းတန်းနေတာကို မြင်တွေ့ရပါတယ်။ ဒါပေမယ့် မျက်နှာပေါ်မှာ သွေးစအနည်းငယ်တော့‌တွေ့ရပါတယ်။

သမ္မတဟောင်း Donald Trump ဘေးကင်းလုံခြုံစွာရှိတယ်လို့ အမေရိကန်အဆင့်မြင့်အထူးလုံခြုံရေးအဖွဲ့ Secret Service ပြောခွင့်ရသူက X လူမှုကွန်ယက်ကနေ ထုတ်ပြန်ပါတယ်။ အသေးစိတ်အခြေအနေကိုတော့ နောက်ပိုင်း ထုတ်ပြန်မယ်လို့ဆိုပါတယ်။ သေနက်သံကြားပြီးပြီးချင်းမှာပဲ လုံခြုံရေးတာဝန်ရှိသူတွေက စင်ပေါ်ရောက်လာပြီး Trump အကာအကွယ်ပေးခဲ့သလို လူအုပ်ထဲမှာလည်း‌ အော်ဟစ်သံတွေ ဆူညံခဲ့ပါတယ်။ လုံခြုံရေးအရာရှိတွေက သမ္မတဟောင်း Trump ကို စင်ပေါ်ကနေ ကာကွယ်ခေါ်ထုတ်သွားချိန်မှာတော့၊ Trump က လက်သီးဆုပ်ထောင်ပြခဲ့ပါတယ်။ အဲဒီကနေ သူ့ကို လုံခြုံရေးကားတန်းနဲ့ခေါ်ထုတ်သွားပါတယ်။

APTOPIX Election 2024 Trump
APTOPIX Election 2024 Trump

အောက်လွှတ်တော်ဒီမိုကရက်ခေါင်းဆောင် Hakeem Jeffries က သမ္မတဟောင်း Trump ကို ဆုတောင်းပေးပြီး၊ ဒီအဖြစ်အပျက်ကို အလျှင်အမြန်ကိုင်တွယ်နေတဲ့ ဥပဒေစိုးမိုးရေးအဖွဲ့တွေကို X လူမှုကွန်ယက်ပေါ်မှာ ချီးကျူးရေးသားပါတယ်။ နိုင်ငံရေးအရအကြမ်းဖက်မှု ဘယ်ပုံစံကိုမှ လက်ခံလို့မရဘူးလို့လည်းရေးပါတယ်။ ဖလော်ရီဒါပြည်နယ် ရီပတ်ပလင်ကန်အထက်လွှတ်တော်အမတ် Marco Rubio ကလည်း သမ္မတ Trump ကို ဘုရားသခင်အကာအကွယ်ပေးခဲ့တယ်လို့ X လူမှုစာမျက်နှာမှာ ရေးပါတယ်။

သမ္မတဟောင်း Trump ရွေးကောက်ပွဲ စည်းရုံးရေးပွဲပစ်ခတ်မှုနဲ့ပတ်သက် သမ္မတဟောင်း Barack Obama ကလည်း ဒီမိုကရေစီတိုင်းပြည်မှာ နိုင်ငံရေးအရအကြမ်းဖက်မှုမျိုး လုံးဝလက်ခံလို့မရဘူးလို့ X လူမှုကွန်ယက်မှာရေးပါတယ်။ အောက်လွှတ်တော် ဥက္ကဟောင်း Nancy Pelosi ကလည်း နိုင်ငံရေးအကြမ်းဖက်မှုမျိုးကို လက်ခံလို့မရပဲ၊ သမ္မတဟောင်း Trump ဘေးကင်းစွာရှိတဲ့အတွက် ဘုရားသခင်ကိုကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ သမ္မတ Joe Biden ကလည်း အမေရိကန်ပြည်ထောင်စုတွင်း ဒီလိုအကြမ်းဖက်မှုမျိုးကို လက်မခံကြောင်းနဲ့၊ ဒီအဖြစ်အပျက်ကို ကန့်ကွက်ရှုတ်ချဖို့ တနိုင်ငံလုံး ညီညွတ်ကြဖို့တိုက်တွန်းပါတယ်။ အောက်လွှတ်တော် ဥက္ကဌ Mike Johnson ကလည်း ငြိမ်းချမ်းတဲ့စည်းရုံးရေးလူထုစုဝေးပွဲအပေါ် အခုလို စက်ဆုပ်ဖွယ်နိုင်ငံရေးအကြမ်းဖက်မှုမျိုး ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ပစ်ခတ်မှုဖြစ်ဖြစ်ချင်း အလျင်အမြန်တုန့်ပြန်ခဲ့ကြတဲ့ အမေရိကန်အဆင့်မြင့်အထူးလုံခြုံရေးအဖွဲ့ Secret Service နဲ့ လုံခြုံရေးဆောင်ရွက်သူအားလုံးကို ကျေးဇူးတင်တယ်လို့ သမ္မတဟောင်း Trump က သူ့ရဲ့ Truth လူမှုကွန်ယက်မှာ ရေးသားပါတယ်။ ပစ်ခတ်မှုကြောင့် လူထုစည်းဝေးမှာရှိတဲ့ သေဆုံးသူတဦးနဲ့ ဒဏ်ရာရသူတို့ရဲ့ မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြပါတယ်။ အမေရိကန်သတင်းမီဒီယာတွေမှာတော့ ပစ်ခတ်သူဟာ အဲဒီနေရာမှာပဲ သေဆုံးသွားတယ်လို့ ဖော်ပြကြပါတယ်။

Forum

XS
SM
MD
LG