သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲဆောက်ရောက် မြန်မာအမျိုးသမီးတဦး အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံး


အသက်(၂၆)နှစ်အရွယ် မြန်မာအမျိုးသမီး မထက်ထက်ဇော် သေဆုံးခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုအတွက် ထိုင်းရဲက ဖမ်းဆီးထားသူ မြန်မာလူငယ်။ (Photo: မထိပ်ထား FB)
အသက်(၂၆)နှစ်အရွယ် မြန်မာအမျိုးသမီး မထက်ထက်ဇော် သေဆုံးခဲ့ရတဲ့ အိမ်တွင်းအကြမ်းဖက်မှုအတွက် ထိုင်းရဲက ဖမ်းဆီးထားသူ မြန်မာလူငယ်။ (Photo: မထိပ်ထား FB)

မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် တံတားကူးလက်မှတ်နဲ့ လာတဲ့ မထက်ထက်ဇော် ဟာ မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ်(ခေါ်) ဝဠာ ဆီလာရင်း ရိုက်နှက်ထိုးကြိတ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံခဲ့ရပါတယ်။


ထိုင်းနိုင်ငံ မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦး ကျူးလွန်ခဲ့တဲ့ အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အသက်(၂၆)နှစ်အရွယ် မြန်မာအမျိုးသမီး မထက်ထက်ဇော်ရဲ့ နာရေးကို အမှုမှန်ပေါ်ပေါက်ရေး စုံစမ်းဖော်ထုတ်ခဲ့တဲ့ အမျိုးသမီးသတင်းသမား မထိပ်ထားနဲ့ တက်ကြွလှုပ်ရှားသူတွေက စီစဥ်ကျင်းပခဲ့ပါတယ်။ သေဆုံးမှုဖြစ်တာ ၃ လကျော် ကြာပြီးမှ အလောင်းကို မဲဆောက်ဆေးရုံကြီးကနေ ထုတ်ယူနိုင်ခဲ့ပြီး ဇူလိုင်လ ၁၉ ရက်နေ့က မီး သဂြိုလ်ခွင့်ရခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံကနေ နယ်စပ်ဖြတ်ကျော် တံတားကူးလက်မှတ်နဲ့ လာတဲ့ မထက်ထက်ဇော် ဟာ မဲဆောက်မြို့မှာရှိတဲ့ ခင်ပွန်းဖြစ်သူ ကိုဇော်ဝင်းထွဋ်(ခေါ်) ဝဠာ ဆီလာရင်း ရိုက်နှက်ထိုးကြိတ်တဲ့ အိမ်တွင်းအကြမ်းဖက်မှုနဲ့ ကြုံခဲ့ရပါတယ်။ ဇနီးဖြစ်သူကို ပြင်းထန်စွာ ရိုက်နှက်ခဲ့တာကြောင့် အဲဒီဒဏ်ရာတွေနဲ့ပဲ မထက်ထက်ဇော်ဟာ တာ့ခ်ခရိုင်က ဖိစနုလွတ်မြို့ရှိ Buddha−chinaraj ဆေးရုံကို ဧပြီလ ၂ ရက်နေ့က တက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်၊ ဧပြီလ ၆ ရက်နေ့မှာတော့ အဲဒီဆေးရုံမှာပဲ သေဆုံးသွားခဲ့တာပါ။ ဒီသတင်းကို အမျိုးသမီးသတင်းသမား မထိပ်ထားက စုံစမ်းဖော်ထုတ်ရာကနေ လူအများ သိရှိခဲ့တာဖြစ်ပါတယ်။ တရားခံကို အရေးယူနိုင်ရေးနဲ့ သူမကို သဂြိုလ်နိုင်ရေး ဖော်ထုတ်ခဲ့တဲ့ မထိပ်ထားကတော့ နာရေးပြုလုပ်ဖို့ အလောင်းကို ထုတ်ချိန်မှာလည်း မိသားစုဝင်တွေ မလာရင် မထုတ်ပေးဖို့ မြန်မာသံရုံးဘက်က ဖိအားပေးတာတွေ ရှိခဲ့တယ်လို့လည်း အခုလို ပြောပါတယ်။

" နာရေးသဂြိုလ်တော့မယ် ဆိုတဲ့အကြောင်း ကျနော် ဖိတ်ကြားတဲ့စာကို တင်လိုက်တဲ့အခါ မြန်မာသံရုံးက action ယူပြီး ဖိအားပေးတဲ့အနေနဲ့ ဆေးရုံကြီးက တာဝန်ရှိတဲ့သူတွေ ရာထူးကြီးတဲ့သူတွေနဲ့ ဖိအားပေးတယ်၊ ဒီနေ့ အလောင်းသွားထုတ်တဲ့ အချိန်မှာ အဲဒီလို အခက်အခဲမျိုးတွေ ကြုံရတယ်၊ ဘာသာပြန်တဲ့သူ ပြောတာကတော့ သံရုံးကပြောတယ်လို့ ပြောပါတယ်။ "

အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးသွားတဲ့ အသက်(၂၆)နှစ်အရွယ် မထက်ထက်ဇော် (Photo: မထိပ်ထား FB)
အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးသွားတဲ့ အသက်(၂၆)နှစ်အရွယ် မထက်ထက်ဇော် (Photo: မထိပ်ထား FB)

ဒီအမှုဖြစ်ပြီးတဲ့နောက် မြန်မာသံရုံးဘက်က မိသားစုဝင်တွေဆီ ဆက်သွယ်ဖို့လည်း စာထုတ်ပြန်ထားပါတယ်။ ဒီသတင်းကို စုံစမ်းဖော်ထုတ်ခဲ့တဲ့ မထိပ်ထားကတော့ သူမအနေနဲ့ ကျူးလွန်သူကို ဖမ်းမိနိုင်ရေးအတွက်ကော နာရေးလုပ်နိုင်ရေးအတွက်ပါ စီစဉ်ခဲ့ရတယ်လို့ ပြောပါတယ်။

" အသိတရားနဲ့ လူသားချင်းစာနာမှုအရ စုံစမ်းဖော်ထုတ်ရာကနေ ဒီသတင်းက လက်နက်ကိုင်အဖဲွ့တွေနဲ့ ပတ်သက်နေတယ် ဆိုတာတွေပါ ပေါ်ပေါက်လာခဲ့ပါတယ်၊ တရားခံ ဖမ်းဆီးရမိရေးအတွက် ရဲတွေနဲ့ ချိတ်ဆက်ပြီး တရားခံလဲွှပြောင်းဖို့အတွက်ပါ ကျနော်က လုပ်ခဲ့ရတယ်။ နာရေးလုပ်ဖို့အတွက် ရဲတွေသွားပြီး အလောင်းထုတ်ဖို့အတွက်တွေပါ လုပ်ရတာပါ။ "

မထက်ထက်ဇော် သေဆုံးမှုဖြစ်ပြီးတဲ့နောက် ခင်ပွန်းဖြစ်သူဟာ ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အဖဲွ့တခုထဲကို ထွက်ပြေးသွားခဲ့ပါတယ်။

၃ လလောက်ကြာတဲ့အထိ မထက်ထက်ဇော်ရဲ့ အမှုမှန် မပေါ်ပေါက်ခဲ့သလို အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်သူ ခင်ပွန်းသည်ကလည်း သူမရဲ့ သက်သေခံ နိုင်ငံကူးစာအုပ်တွေ စာရွက်စာတမ်းတွေ မှတ်ပုံတင်တွေ ဖုန်းတွေကိုပါ ဖျောက်ဖျက်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်းက စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေတဲ့ Lion Battalion Commando စစ်ကြောင်းရှိတဲ့နယ်မြေမှာ ခိုလှုံနေတဲ့ ကျူးလွန်သူကို ဖမ်းဆီးနိုင်ဖို့အထိ အမျိုးသမီးအဖဲွ့တွေနဲ့ လက်တဲွပြီး စာထုတ်ပြီးတောင်းဆိုခဲ့ရတယ်လို့လည်း သူမကပြောပါတယ်။

မထက်ထက်ဇော် အသုဘအခမ်းအနား။ (Photo: Ko Zayar Oo)
မထက်ထက်ဇော် အသုဘအခမ်းအနား။ (Photo: Ko Zayar Oo)

ဒီအတွက်ကရင်ပြည်နယ်ထဲမှာ အခြေစိုက်ထားတဲ့ Lion Battalion Commando စစ်ကြောင်းက ဇူလိုင်လ ၇ရက်နေ့မှာတော့ ထိုင်းရဲတွေထံကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။

မထက်ထက်ဇော်ဟာ ခင်ပွန်းဖြစ်သူရဲ့ ပြင်းထန်စွာ ရိုက်နှက်ခဲ့တဲ့ ဒဏ်တွေနဲ့ ဆေးရုံမှာပဲ သေဆုံးသွားတယ်လို့ တက်ကြွလှုပ်ရှားသူ တဦးကလည်း ပြောပြပါတယ်။

" အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ဖြစ်ချင်းမှာတော့ မယ်တော်ဆေးခန်းကို သွားတယ်၊ အဲဒီကနေ မနိုင်တော့မှ တာ့ခ်ခရိုင်ထဲက ဆေးရုံတခုကို ပို့တယ် အဲဒီမှာသေတယ်။ အဲဒီကနေ Dead Body ကိုတော့ မဲဆောက်ဆေးရုံကို ပြန်ပို့လိုက်တာပါ။ "

မထက်ထက်ဇော်ရဲ ့ခင်ပွန်းကိုတော့ ထိုင်းအာဏာပိုင်တွေက လူသတ်မှုနဲ့ ဖမ်ဆီးထားပါတယ်။ သူ့ကို လူသတ်မှုနဲ့ တရားစဲွဆိုထားပြီး ပြစ်မှုထင်ရှားရင်တော့ ထောင်ဒဏ် အနှစ် ၂၀ လောက်ထိ ကျခံရမှာဖြစ်တယ်လို့ ထိုင်းရဲတွေကပြောပါတယ်။

ကျူးလွန်သူဟာ စစ်တပ်အာဏာသိမ်းပြီးချိန်မှာ မြန်မာပြည်ကနေ ထွက်ပြေးတိမ်းရှောင်လာပြီး ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာနယ်မြေမှာ လှုပ်ရှားနေထိုင်နေသူတဦး ဖြစ်ပါတယ်။ မထက်ထက်ဇော်ကတော့ စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူတဦးဖြစ်ပြီး ခွင့်ရတဲ့အချိန် မြန်မာပြည်ကို ပြန်လာပြီးနောက် နယ်စပ်တံတားကူးလက်မှတ်နဲ့ မဲဆောက်မှာ ခင်ပွန်းဖြစ်သူကို လာရောက်တွေဆုံခဲ့တာပါ။ သေဆုံးသူ မထက်ထက်ဇော်နဲ့ ခင်ပွန်းဖြစ်သူတို့မှာ အရွယ်မရောက်သေးတဲ့ သားသမီး ၂ ဦး ကျန်ခဲ့ပြီး မြန်မာပြည်မှာ နေထိုင်ကြတယ်လို့ သိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG