သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယာယီသမ္မတတာဝန်လွှဲပြောင်းယူတာ ၂၀၀၈ အခြေခံဥပဒေနဲ့ ညီတယ်လို့ စစ်ကောင်စီပြောခွင့် ပြောဆိုချက် ၂၀၀၈ အခြေခံဥပဒေနဲ့ ကွဲလွဲနေ


စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၃၊ ၂၀၂၄)
စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၃၊ ၂၀၂၄)
ဗိုလ်ချုပ်ဇော်မင်းထွန်း

ဗိုလ်ချုပ်ဇော်မင်းထွန်း

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင်လ ၁၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ ယာယီသမ္မတ ဦးမြင့်ဆွေကို အထူးဆေးကုသမှုအဖွဲ့နဲ့ ဂရုတစိုက် ကုသပေးလျက်ရှိပါတယ်။ သို့သော် ယာယီသမ္မတတာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန် ကျန်းမာရေးအခြေအနေ တိုးတက်ကောင်းမွန်မှုမရှိသေးတဲ့အတွက် တာဝန်လွှဲအပ်ခြင်းကို မနေ့က ပြုလုပ်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဦးစွာအသိပေးပြောကြားလိုပါတယ်။

ဒါက မှားယွင်းနေပါတယ်။
အချက်အလက်စိစစ်ခြင်း

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က ၂၀၀၈ အခြေခံဥပဒေကို ကိုးကားပြောဆိုထားပေမယ့် ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ (၃၂၂) ပြဌန်းချက်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို အနက်အဓိပါယ်ဖွင့်ဆိုခြင်းနဲ့ အခြေခံဥပဒေနဲ့ အညီဖြစ်မဖြစ် ဆုံးဖြတ်ခြင်းကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကသာ ဆောင်ရွက်ရမယ်လို့ ဖေါ်ပြထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးမဟုတ်တဲ့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကို အခွင့်အာဏာပေးအပ်ထားတာကို မတွေ့ရပါဘူး။

၂၀၀၈ အခြေခံဥပဒေမှာ တိတိကျကျရေးထားခြင်းမရှိတဲ့ ပြဌန်းချက်တွေနဲ့ အခွင့်အာဏာတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်ထက်မှာ ပေါ်ပေါက်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ၂၀၀၈ အခြေခံဥပနဲ့ညီညွတ်မှုရှိမရှိကို သဘောထားမှတ်ချက်ပေးရတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်း (၆) လထပ်တိုးနိုင်ဖို့အတွက် အခြေခံဥပဒေခုံရုံးက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ အခြေခံဥပဒေနဲ့ ညီတယ်လို့ သဘောထားပေးခဲ့ရတာဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဌန်းချက်မှာတော့ သာမန်အားဖြင့် (၁) ကြိမ်ကို (၆)လအထိ (၂) ကြိမ်တိုးနိုင်တယ်လို့ ဖေါ်ပြထားပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမှာဖြစ်ကြောင်း ယာယီသမ္မတရုံးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာပြီး စစ်ကောင်စီခေါင်းဆောင်က ယာယီသမ္မတတာဝန်များကို လွှဲပြောင်းလက်ခံကြောင်း စစ်ကောင်စီက ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၂ ရက်မှ ထုတ်ပြန်ပါတယ်။ ဒီလိုဆောင်ရွက်မှုဟာ ဖွဲ့စည်းပုံအခြေခံဥပေဒနဲ့ အညီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇူလိုင်လ (၂၃) ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေမှာတော့ သမ္မတတာဝန်တွေကို လွှဲပြောင်းခွင့်ဆိုတဲ့ ပြဌန်းချက်မပါရှိဘဲ ပုဒ် ၇၁ (က) မှာ သမ္မတနေရာလစ်လပ်တဲ့အခါ၊ ဒုသမ္မတ တစ်ဦးက တာဝန်လွှဲပြောင်းယူဖို့ ပြဌန်းချက်သာ ပါရှိတာကိုတွေ့ရပါတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်ကို ယာယီသမ္မတတာဝန်လွှဲအပ်နိုင်တယ်ဆိုတဲ့ ပြဌန်းချက်မျိုးမပါရှိတာကိုတွေ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်တပ်က နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးပြီး ဒုသမ္မတ(၁)ဖြစ်တဲ့ ဦးမြင့်ဆွေက ယာယီသမ္မတအဖြစ်နဲ့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ကြေညာခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အာဏာလွှဲပြောင်းပေးခဲ့ပါတယ်။ အာဏာသိမ်းမှုကို ၂၀၀၈ အခြေခံဥပဒေနဲ့ အညီလုပ်ဆောင်ခဲ့တာလို့ အကြောင်းပြပေမယ့် ၂၀၀၈ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်အကြီးအကဲ အခန်း ပုဒ်မ (၇၁) (ခ)မှာတော့ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်လိုပါက ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်တဲ့ လွှတ်တော်နှစ်ရပ်မှ လွှတ်တော်တစ်ရပ်ရပ်၏ ကိုယ်စားလှယ်စုစုပေါင်းရဲ့ လေးပုံတစ်ပုံက လက်မှတ်ရေးထိုးပြီး လွှတ်တော်အကြီးအမှူးထံတင်ပြရမယ်လို့ ပြဌာန်းထားပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ အရေးပေါ်ကာလသက်တမ်း (၆) လတိုးထားတာက အခု ဇူလိုင်လ (၃၁) ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ နောက်ထပ် အရေးပေါ်သက်တမ်း (၆) လ ထပ်တိုးနိုင်ဖို့အတွက် ယာယီသမ္မတ ဦးမြင့်ဆွေက ကာလုံအစည်းအဝေးခေါ်ပေးဖို့ လိုအပ်လာပြီး ဦးမြင့်ဆွေကျန်းမားရေးဆိုးရွားနေချိန်မှာ စစ်ကောင်စီခေါင်းဆောင်က ယာယီသမ္မတတာဝန်ကို လွှဲပြောင်းယူလိုက်တာဖြစ်ပါတယ်။

၂၀၀၈ အခြေခံဥပဒေနဲ့ အညီ လုပ်ဆောင်ခဲ့တာလို့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ အာဏာသိမ်းမှုကို စစ်ကောင်စီက အကြောင်းပြခဲ့ပေမယ့် သမ္မတဦးဝင်းမြင့်က သမ္မတအဖြစ်ကနေ နုတ်ထွက်ခြင်း၊ စွတ်စွဲပြစ်တင်ခံရခြင်း မရှိဘဲ စစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ သမ္မတဦးဝင်းမြင့်ကို ဖမ်းဆီးဖယ်ရှားပြီးနောက် ယာယီသမ္မတအဖြစ် ဦးမြင့်ဆွေက ကာလုံခေါ်ယူမှုကနေ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာရယူလိုက်တာဖြစ်ပါတယ်။ ယခုအခါမှာလည်း စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေဆိုးရွားနေချိန်မှာ ကာလုံခေါ်ယူနိုင်ဖို့အတွက် ၂၀၀၈ အခြေခံဥပဒေနဲ့အညီဆောင်ရွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီခေါင်းဆောင်က ယာယသမ္မတတာဝန်တွေကို လွှဲပြောင်းယူလိုက်တာဖြစ်ပါတယ်။

အရေးပေါ်ကာလသက်တမ်းကို (၂) ကြိမ်သာ တိုးမြှင့်နိုင်တယ်လို့ စစ်ကောင်စီခေါင်းဆောင်က ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁) ရက်နေ့မှာ ပြောဆိုထားပါတယ်။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အရေးပေါ်ကာလ သက်တမ်းကို (၂) ကြိမ်ထက်ကျော်ပြီးတိုးလာတာ (၅)ကြိမ် အထိရှိပြီးဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဩဂုတ်လ အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ လျာထားကြောင်း ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်းမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုရာမှာ အရေးပေါ်ကာလ သက်တမ်းတိုးမှုကို ထည့်သွင်းပြောဆိုထားတာဖြစ်ပါတယ်။ဒီပြောဆိုချက်ကို ဆင်ဟွာသတင်းဌာနက မြန်မာဘာသာနဲ့ ဖေါ်ပြထားပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အရေးပေါ်ကာလဆိုတာ အကန့်အသတ်ရှိပါတယ်။ ပုဒ်မ ၄၂၁၊ ပုဒ်မခွဲ(ခ)အရ အရေးပေါ်ကာလ ၁ နှစ်အတွင်းမှာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခြင်းမရှိသေးရင် နောက်ထပ် ခြောက်လ နှစ်ကြိမ်သာတိုးမြှင့်နိုင်ပါတယ်။ ဒီကာလအတွင်းမှာ ကျွန်တော်တို့အနေနဲ့ လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်တာတွေကို ပြီးစီးအောင် ဆောင်ရွက် သွားရမှာဖြစ်ပါတယ်။ ပြီးရင် ဥပဒေအရ ရွေးကောက်ပွဲအတွက်ပြင်ဆင်ချိန် ၆ လ ပေးပြီး ဆောင်ရွက်ရပါမယ်။ ဒီကာလများကိုတွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ပြီးစီးရမယ်ဆိုတာပါပဲ” လို့ စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုထားတာဖြစ်ပါတယ်။

အာဏာသိမ်းမှု (၃) နှစ်ကျော်လာခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း အရေးပေါ်ကာလသက်တမ်းဟာ (၂) နှစ်ထပ်ပိုမကြာနိုင်ဘူး ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှာ ပြောဆိုဖူးပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ကို VOA မြန်မာပိုင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

XS
SM
MD
LG