မြန်မာနိုင်ငံထဲ မိုးတွင်းမှာ ပိုဖြစ်လေ့ရှိပြီး အသက်အန္တရာယ်ရှိတဲ့ သွေးလွန်တုပ်ကွေးရောဂါ စမဖြစ်အောင်၊ ခြင်ပေါက်ဖွားမှု နှိမ်နင်းရေး အဓိကကျတယ်လို့ ကျန်းမာရေးပညာရှင်တွေက အကြံပြုနေပါတယ်။
သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ပိုးဟာ လူလူချင်းကူးစက်တာ မဟုတ်ဘဲ၊ ခြင်ကိုက်တာကတဆင့် ကူးတာမို့ ခြင်ပေါက်ဖွားမှု နှိမ်နင်းရေးက အဓိကကျတာပါ။ ရာသီတုပ်ကွေးလို နှာစေး၊ ချောင်းဆိုးပြီး လေကတဆင့် လူလူချင်း ကူးစက်တာ မဟုတ်ဘဲ၊ ခြင်ကြား (သို့မဟုတ်) ခြင်ပုန်း (Aedes) ကိုက်တာကတဆင့် သွေးလွန်တုပ်ကွေး လူတွေကို ကူးစက်ရတာပါ။ သွေးလွန်တုပ်ကွေး ခြင်မျိုးက နေ့လည်ပိုင်းမှာ ကိုက်တတ်ပြီး၊ ရေကြည် ရေသန့်မှာ ပေါက်ဖွားတာတာမို့၊ ခြင်ကိုက်မခံရရေးနဲ့ ခြင်ပိုးလောက်လန်း နှိမ်နင်းရေး စီမံဖို့လိုပါတယ်။
ခြင်ကြားက သက်တမ်းတိုကာ ပေါက်ဖွားအပြီး ၂ ပတ်ခန့်တွင်း သူ့အလိုလိုသေသွားပေမဲ့၊ ကူးစက်မူနည်းရေး ခြင်အရေအတွက်နည်းဖို့ လိုပါတယ်။ အကြောင်းက ခြင်အရေအတွက်များလေ အကိုက်ခံရသူများလေဖြစ်ပြီး၊ သွေးလွန်တုပ်ကွေး ကူးစက်မှုလည်းများနိုင်လို့ပါ။ ဒါကြောင့် ခြင်အရေအတွက်နည်းအောင် ခြင်ပေါက်ဖွားမှုကို နှိမ်နင်းရတာပါ။ ခြင်တွေ မပေါက်ဖွားနိုင်အောင် ခြင်ပိုးလောက်လန်း နှိမ်နင်းနည်းတွေကတော “ဖုံး သွန် ခပ် စစ်၊ လောင်း ထောင် လဲ ဖွင့်၊ မြုပ် ရှင်း မှုတ်” လို့ အတိုခေါက် မှတ်သားနိုင်ပါတယ်။
အသေးစိတ် ကာကွယ်နည်းတွေအတွက် “ဖုံး” ကတော့ ခြင်ပိုးလောက်လန်း ပေါက်ဖွားနိုင်တဲ့ ရေကြည်ရေသန့်ရှိရာ ရေစည်၊ ရေအိုး၊ ရေကန်တွေကို “ဖုံး” ထားဖို့ပါ။ “သွန်” ကလည်း မကြာခဏ သွန်လဲလို့လွယ်တဲ့ အိုး၊ ခွက်လို ရေထဲ့ထားတဲ့စ္စည်းတွေကို မကြာခဏ ရေ “သွန်” လဲ ပေးတာပါ။ “ခပ်” ကလည်း ပိုးလောက်လန်း ရှိနေတဲ့ ရေစည်၊ ရေကန်လိုမျိုးက ရေတွေကို “ခပ်” ထုတ် ဆေးကြောပေးဖို့ပါ။ “စစ်” ကတော့ ပိုးလောက်လန်း ရှိနေတဲ့ ဒီကန် ရေစည်က ရေမျိုးကို ရေရှားတာကြောင့် ခပ်ထုတ်ပြီး သွန်မပစ်နိုင်လျှင် ရေစစ်သုံးကာ ပိုးလောက်လန်း “စစ်” ထုတ်ပြီး ရေပြန်ပြောင်းထည့်တာပါ။
“လောင်း” ကလည်း ကြောင်အိမ်၊ စားပွဲတွေမှာ ပုရွက်ဆိပ် မတက်အောင် အောက်မှာခံထားတဲ့ ရေခွက်ထဲ ခြင်မပေါက်ဖို့ စက်ဆီ (အင်ဂျင်ဝိုင်ဟောင်းလို) ပိုးသတ်ဆေး “လောင်း” ထားတာပါ။ “ထောင်” ကတော့ နေ့ဖက်မှာ အိပ်တတ်လျှင် နေ့လည်ကိုက်တဲ့ ခြင်ကြား အကိုက်မခံရအောင် နေ့ဖက်ရော ညဖက်ပါ ခြင်ထောင် “ထောင်” အိပ်တာပါ။ “လဲ” ကလည်း ပန်းအိုး၊ ဘုရား ညောင်ရေအိုး ရေခွက်တွေကို နေ့စဉ်နီးပါး “လဲ” ပြီး ဆေးကြောတာပါ။ “ဖွင့်” ကတော့ မှောင်တဲ့နေရာတွေမှာ ခိုအောင်းတဲ့ ခြင်မခိုနိုင်ရေး အလင်းရောင်ရအောင် ပြတင်းပေါက်တွေ တံခါးတွေ နေ့ပိုင်း “ဖွင့်” ထားတာပါ။
“မြုပ်” ကလည်း ရေတင်ကျန်နေနိုင်တဲ့ အိုးခြမ်းပဲ့၊ အုန်းမှုတ်ခွက်၊ ဘက်ထရီအိုးဟောင်းနဲ့ တာယာစုတ်တွေကို မြေထဲ “မြုပ်” ပစ်တာပါ။ “ရှင်း” ကတော့ ခြင်ပေါက်နိုင်တဲ့ ခြုံနွယ်ပိတ်ပေါင်း “ရှင်း” လင်းပစ်တာပါ။ “မှုတ်” ကတော့ ခြင်ဆေး “မှုတ်” ဖျန်းတာဖြစ်ပြီး၊ နေရာတိုင်းအတွက် အဓိကမဟုတ်ပါဘူး၊ ခြင်က ဝေးဝေး (ကိုက် တစ်ရာ၊ နှစ်ရာထက်ပို) မပျံနိုင်ဘဲ၊ ရှင်သန်နိုင်တဲ့ သက်တမ်းက တိုတာကြောင့်ပါ။ ဒါပေမဲ့ နေ့အချိန် နေရာစုံက ကလေးတွေ နီးနီးကပ်ကပ်ရှိတဲ့ ကျောင်းတွေမှာတော့ ခြင်ကိုက်ပြီး ကူးစက်လွယ်တာမို့ ဒီဆေးမှုတ်တာနဲ့ တခြားကာကွယ်နည်းတွေ ပိုလုပ်သင့်ပါတယ်။
ဒါ့အပြင် အခုနောက်ပိုင်း သွေးလွန်တုပ်ကွေး ကာကွယ်ရေးမှာ ထပ်တိုးတာ ၃ ခုက “ထည့်၊ စိမ်၊ ထိုး” ပါ။ “ထည့်” ကတော့ ပိုးလောက်လန်း မပေါက်ဖွားစေနိုင်တဲ့ အဘိတ် (Abate) ဆေးမှုန့်ကို၊ ရေကြည်နဲ့ ရေကန်တွေမှာ “ထည့်” ပေးခြင်းဖြင့် ရက်သတ္တပတ် (၆) ပတ်မှ (၈) ပတ်အထိ ခြင်မပေါက်ဖွားနိုင်တော့ပါဘူး။ “စိမ်” ကတော့ ခြင်နားတာနဲ့ သေနိုင်တဲ့ ဆေး “စိမ်” ခြင်ထောင်နဲ့ လိုက်ကာတွေ သုံးတာပါ။ နောက် “ထိုး” ကတော့၊ ဖြစ်နိုင်လျှင် အခုနောက်ပိုင်းရှိလာတဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ဆေး “ထိုး” တာပါ။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက ကလေးအထူးကုနဲ့ ဆေးတက္ကသိုလ် (၁) ကလေးကျန်းမာ၊ ပညာဌာန အငြိမ်းစားဌာနမှူး ပါမောက္ခ ဒေါက်တာစောဝင်း ကို ဆက်သွယ်မေးမြန်းတင်ပြလိုက်ပါတယ်။
Forum