သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အဝေးရောက်မြန်မာတွေရဲ့ အခန်းကဏ္ဍ


မမေကျော်စိုးညွှန့်၊ ရေချမ်းစင်၊ စင်္ကာပူနိုင်ငံ
မမေကျော်စိုးညွှန့်၊ ရေချမ်းစင်၊ စင်္ကာပူနိုင်ငံ

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို လက်မခံဘဲ၊ ဆန့်ကျင်နေတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသူနိုင်ငံသားတွေရဲ့ ပံ့ပိုးကူညီမှုတွေဟာ သုံးနှစ်ကြာလာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးမှာ အလွန်ပဲ အရေးပါတယ်လို့ စင်္ကာပူနဲ့ ထိုင်းအခြေစိုက် မြန်မာ့အရေးကူညီနေသူတွေက ဗွီအိုအေကို ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှာ စစ်အာဏာသိမ်းပြီးနောက် ပြည်ပကိုထွက်ခွာပြီး အခက်အခဲတွေနဲ့ ရပ်တည်နေကြပေမယ့် နွေဦးတော်လှန်ရေးမှာ တတ်နိုင်သလောက်ပါ၀င်နေကြတဲ့ အဝေးရောက် မြန်မာပြည်သူတွေအကြောင်း မအင်ကြင်းနိုင်က စုစည်းတင်ဆက်လိုက်ပါတယ်။

မအင်ကြင်းနိုင် ။ ။ မြန်မာ့ဒီမိုကရေစီရေးရာ အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီတပတ်မှာတော့ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေကနေ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေမှာ သူတို့တတ်နိုင်သလောက် ပါဝင်ပြီးတော့ ပံ့ပိုးပေးနေတဲ့အပိုင်းတွေကို ကျမ မေးမြန်းတင်ပြဖို့ ရှိပါတယ်။ အထူးသဖြင့် စင်္ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံမှာဆိုရင် ဘန်ကောက်၊ ချင်းမိုင်၊ မဲဆောက်တို့မှာရှိတဲ့ မြန်မာနိုင်ငံသူ၊ မြန်မာနိုင်ငံသားတွေက နွေဦးတော်လှန်ရေးမှာ တတ်နိုင်သလောက် ပါဝင်ပံ့ပိုးနေတဲ့အပိုင်းတွေကို စုစည်းတင်ပြသွားပါမယ်။

ပထမဦးဆုံးအနေနဲ့ စင်္ကာပူနိုင်ငံ Peninsula Plaza ဖွင့်လှစ်ထားတဲ့ ရေချမ်းစင်မှာ ပါဝင်နေတဲ့ မြန်မာတွေနဲ့ ပတ်သက်ပြီးတော့ သူတို့တွေရဲ့အကြောင်းကို မေးမြန်းတင်ပြဖို့ ရှိပါတယ်။ ‌

ရေချမ်းစင်မှာ ရောင်းနေတာတွေကို ဦးစွာပြောပြပေးပါ။

မမေကျော်စိုးညွှန့် ။ ။ ရေချမ်းစင်မှာတော့ ဗမာပြည်ကပို့တဲ့ ပဲမုန့်လေးတွေ၊ တွံတေးပဲမုန့်လေးတွေပါ။ ဒါကတော့ ရှမ်းပြည်က တကူတကမှာပြီးတော့ တင်ရောင်းတဲ့ နေကြာစေ့ပါ။ တော်တော်လေး ကောင်းပါတယ်။ စားဖူးတဲ့လူတွေ အရမ်းကြိုက်တယ်။ ပြီးတော့ ဒါက လက်ဖက်ပါ။ တင့်တင့်လှိုင်က ဒီမှာတင်ပြီးတော့ နာမည်ကြီးသွားတာ။ လူတွေ တကူတက လာဝယ်ကြတယ်။

မေး ။ ။ ရေချမ်းစင်မှာ လာဝယ်တဲ့လူတွေက ဘယ်သူတွေလဲ။

ဖြေ ။ ။ ရေချမ်းစင်ကို လာဝယ်တဲ့လူတွေက ရေချမ်းစင်ကို အားပေးကြတဲ့လူတွေ။ ဘာကြောင့် အားပေးလဲဆိုတော့ ရေချမ်းစင် ဘာလုပ်နေတယ်ဆိုတာကို သိတဲ့အတွက် ကျမတို့က စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူတဲ့အတွက် အဲဒါကိုသိလို့ လာအားပေးကြတာပါ။

မေး ။ ။ ရေချမ်းစင်ဆိုတဲ့ နာမည်ကို ဘာကြောင့်ပေးရတာလဲရှင့်။

ဖြေ ။ ။ ကျမက ဒီဆိုင်မဖွင့်ခင်မှာ လမ်းဘေး သူများဆိုင်မှာ သွားရောင်းတဲ့အချိန်မှာ လူတွေအရမ်းအားပေးတယ်။ အလုပ်လည်း တကယ်ဖြစ်တယ်။ ထိထိရောက်ရောက်လည်း ကူနိုင်တဲ့အတွက် ဆိုင်ဖွင့်တော့မယ်လို့ စဉ်းစားတဲ့အချိန် ကျမတို့အကို ကိုမင်းကိုနိုင်က ဒီနာမည်လေးနဲ့ ဆိုင်ဖွင့်ပါဆိုပြီး ပေးလိုက်လို့ ဒီနာမည်လေး ဖြစ်သွားတာ။ ဒီ ရေချမ်းစင် ပန်းချီကားလေးလည်း ကိုမင်းကိုနိုင် ဆွဲပေးထားတာပါ။

မေး ။ ။ အဲဒီတော့ တပတ်တပတ် ရောင်းရတဲ့အားက ဘယ်လောက်ရှိပါသလဲရှင့်။

ဖြေ ။ ။ ပုံမှန်တော့ လေးထောင်ငါးထောင် ပတ်ဝန်းကျင်မှာ ရှိပါတယ်။ အခြားအသုံးစရိတ်တွေကတော့ မပါဘူး။ ရောင်းအားလေးကိုပဲ ပြောပြတာပါ။ အရင်က ဒီထက်အများကြီး ရောင်းရတယ်။

မေး ။ ။ အဲဒီတော့ ဒီရေချမ်းစင်က ရရှိတဲ့ ရန်ပုံငွေတွေကို ဘယ်လိုလှူဒါန်းနေပါလဲရှင့်။

ဖြေ ။ ။ အဓိကတော့ အညာဒေသမှာ အဖွဲ့တွေ အရမ်းများတယ်။ NUG အစိုးရ လက်အောက်ခံ အဖွဲ့အစည်း အကုန်လုံးကို ကျမတို့ တတ်နိုင်သမျှ လစဉ်ထောက်ပံ့တယ်။ နောက်တချက်က သိပ်အရေးကြီးတဲ့ နေရာတွေကို တိုက်ရိုက် Directly ချိတ်ဆက်ပြီးတော့ အများကြီးပို့ပေးပါတယ်။

မေး ။ ။ စင်္ကာပူနိုင်ငံ အာဏာပိုင်တွေဘက်က ဒီလို မြန်မာ့အရေး လှုပ်ရှားနေတဲ့ ဆိုင်တွေကို ဖိအားပေးတာမျိုး ရှိပါသလားရှင့်။

ဖြေ ။ ။ မြန်မာ့အရေး လှုပ်ရှားတဲ့ဆိုင်ဆိုလို့ ဒီဆိုင်တခုပဲ စင်္ကာပူမှာ ရှိပါတယ်။ တရားဝင်ဖွင့်တာလည်း ကျမကိုယ်တိုင်ပါပဲ။ ကိုယ်ကိုယ်တိုင် နာမည်ခံ ကိုယ်ဘာသာကိုယ် ဖွင့်ထားတာပါ။ ဒါပေမဲ့ ကျမက ပြောပြီသား - စင်္ကာပူအစိုးရ မေးတဲ့အခါမှာလည်း ကျမတို့က ပွင့်ပွင့်လင်းလင်း ပြောပါတယ်။ ကျမ ရောင်းရတဲ့ပိုက်ဆံကို အမြတ်ကို အဆင်ပြေသလို ပေးတဲ့အတွက် ဒီဟာကိုတော့ ဝင်ပြောခွင့် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်ဘေးရှောင်တွေကို ကျမတို့က ကူတယ်လို့ ပြောထားပါတယ်။ အဲဒီလိုပြောထားတဲ့အတွက် သူတို့မှာ ပြောပိုင်ခွင့် မရှိပါဘူး။ ကျမတို့လုပ်တဲ့ အလုပ်ကလည်း တရားဝင်‌စျေးရောင်းစားတာ ဖြစ်တဲ့အတွက်ကြောင့်ပါ။

မေး ။ ။ အဲ့ဒီလို စစ်ဘေးရှောင်တွေအတွက် ရံပုံငွေရှာတဲ့ဆိုင်မှာ လာဝယ်တဲ့ customers တွေပေါ့နော်၊ လာဝယ်တဲ့ မြန်မာတွေက ဒီဟာကို သူတို့ ဘာကြောင့် လာဝယ်တယ်ဆိုတာ စောစောကတော့ ရှင်းပြပြီးသွားပြီပေါ့နော်။ အဲ့လိုမျိုး လာဝယ်တဲ့သူတွေရဲ့ တုံ့ပြန်ချက်တွေပေါ့နော်။ အဲ့ဒါကို ဘယ်လို မြင်မိလဲ၊ ဘယ်လို တွေ့ရလဲရှင့်။

ဖြေ ။ ။ အများစုကတော့ သူတို့က ယုံကြည်ချက်၊ ဒီဆိုင်လေးက ဒီလို ထိထိရောက်ရောက် ပံ့ပိုးတယ်ဆိုတာကို ယုံကြည်ထားကြသူတွေက လာပြီးအားပေးတယ်။ နောက်ပြီး စင်ကာပူမှာ တရာဝင် ဒီလိုဖွင့်ဖို့အတွက်ကလည်း ဘယ်သူကမှ ကိုယ့်ကိုကိုယ် Risk အဖြစ်ခံပြီးတော့ Personal တွေ ကျမတို့က အရမ်းကို ထိခိုက်ပါတယ်။ ဒီလိုလုပ်တဲ့အတွက်။ အဲ့ဒီတော့ ဘယ်သူ့မှ မဖွင့်ကြဘူး။ ဒီဆိုင်လေးကတော့ တကယ်ကို တရားဝင် ကျမက နာမည်ခံပြီး သေချာကို ဖွင့်ထားတာ။ ဘာလို့ဆို တော်လှန်ရေးမှာ ကျမတို့က နိုင်သလောက် လုပ်တယ်ဆိုတာကို တရားဝင်ပြချင်လို့။ ကျမ စင်ကာပူမှာ ရေချမ်းစင်ဆိုတာ ရှိတယ်။ ဘာကြောင့် ဖွင့်တယ်ဆိုတာကို အကုန်သိစေချင်တယ်။ ဘာလို့ဆို ဒီတော်လှန်ရေးကြီးမှာ ကျမတို့နိုင်တဲ့နေရာမှာ မတရားမှု့ကို ကျမတို့က မခံဘူး၊ လုပ်နေတယ်ဆိုတာကို သိစေချင်လို့ ကျမတို့ ဖွင့်ထားတာပါ။ အဲ့ဒါကြောင့် စျေးရောင်းရချင်း မရောင်းရချင်းကို ကျမတို့ တခွန်းမှ မပြောပါဘူး။ အရေးကြီးတာ ကျမ ဒီဆိုင်လေး ပြုတ်မကျသွားအောင် ကျမတို့ တော်လှန်ရေး ပြရုပ်အနေနဲ့ကို ကျမတို့ ရောင်းနေတာ။
မေး ။ ။ အဲ့ဒီတော့ ဒီလို ရေချမ်းစင်လိုမျိုး၊ ဒီလိုဆိုင်တွေကနေပြီးတော့ နွေဦးတော်လှန်ရေး လှုပ်ရှားမှု့တွေကို ထောက်ပံ့တဲ့အခါမှာ ရင်ဆိုင်ရတဲ့ အထူးသဖြင့် အခက်အခဲတွေပေါ့နော်။ အဲ့ဒါတွေက ဘာတွေလဲရှင့်။

ဖြေ ။ ။ နံပါတ်တစ်ကတော့ စကစ အစိုးရဘက်က ရန်လိုမှု့တွေ ရှိတာပေါ့။ ဥပမာ ကျမနဲ့ ပတ်သက်ပြီး ထိခိုက်နိုင်တဲ့အလုပ်တွေကို သူတို့ စဥ်းစားလုပ်တယ်။ အခုထိ ထိရောက်ရောက် လုပ်တာဆိုရင် ကျမရဲ့ Passport ကို သူတို့ ပိတ်တယ်။ ဘာမှ လုပ်ခွင့်မရှိဘူး။ ကျမ Passport ကို သုံးပြီး ဘယ်နိုင်ငံမှ သွားခွင့်မရှိဘူး။ ကျမက ဒီနိုင်ငံမှာ PR ဖြစ်နေတဲ့အတွက် ဒီနိုင်ငံထဲမှာတော့ နေခွင့်ရှိမယ်။ ဒါက ဒီနိုင်ငံက လက်ခံထားလို့။ အဲ့ဒီလို ဖြစ်နေလို့ပါ။ ဒီနိုင်ငံက လက်ခံထားတဲ့အတွက် ကျမသည် ဒီမှာနေလို့ရတယ်။ ဒါပေမဲ့ ဘယ်မှ သွားခွင့်မရှိဘူး။ ဒါ Passport ကို အရင်ပိတ်တာ၊ ကျန်တဲ့ကိစ္စတွေကတော့ ဒီနိုင်ငံကို တိုင်တဲ့ကိစ္စတွေ ရှိတယ်။ အမှု့ဖွင့်ထားပြီး တိုင်တာ။ ဘယ်ပုဒ်မ ဘယ်ပုဒ်မနဲ့ ဒီဆိုင်ကြီး ဖွင့်ထားတဲ့အတွက် ဘယ်လို ပုဒ်မတွေနဲ့ ငြိပါတယ်။ တရားစွဲပေးပါဆိုပြီး တိုင်တာတွေ ရှိပါတယ်။ ဒါပေမဲ့ အမှု့က မမြောက်တဲ့အတွက် ပလပ်လိုက်တာပါ။

မေး ။ ။ ဒီရေချမ်းစင်လိုမျိုး ဆိုင်တွေကနေ ရန်ပုံငွေ ရှာပြီးတော့ ထောက်ပံ့တဲ့ဟာတွေကကော ဒီ နွေဦးတော်လှန်ရေးမှာ ဘယ်လောက်ထိ ထိရောက်မှု့ရှိလဲရှင့်။

ဖြေ ။ ။ ထိရောက်တာပေါ့။ ဒီစင်ကာပူမှာ ကျမက ဒီလိုမျိုး ဖွင့်တယ်လို့ပြောတာ မဖွင့်ဘဲနဲ့ Online ကနေ လုပ်နေတဲ့ နွေဦးခေါ်သံ၊ နွေဦးစေတနာတွေ အများကြီးပဲ။ လုပ်နေကြတဲ့လူတွေ အများကြီး ရှိတယ်။ တကယ်ကို ထိထိရောက်ရောက် ရှိကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းမှာ လုပ်နေတဲ့သူတွေအတွက် အားက စင်ကာပူမှာ အများကြီးရှိတယ်။ ထိထိရောက်ရောက်လည်း တကယ်လုပ်တယ်။ အားလုံးက အရွေ့တခုရောက်ဖို့ဆိုတာက ပြည်တွင်း‌ကော ပြည်ပကော အချိန်အဆက်မိမိ သွားနေကြလို့ ဒီအရွေ့ကို ရောက်လာတာ။ ဒီ (၃) နှစ်ကာလ အရွေ့က တအားကို သိသာပါတယ်။ အဲ့ဒါဟာ ဒီလူတွေရဲ့ အားတွေပါပဲ။

မေး ။ ။ ဒီလို လှူဒါန်းတဲ့အခါမှာလည်း ‌ငွေကြေးအရဆိုရင် နိုင်ငံတွေကလည်း မတူဘူး၊ နေရာတွေလည်း မတူတော့ အဲ့ဒီလိုမျိုး လွှဲပြောင်းတဲ့နေရာမှာ ငွေကြေးလွှဲပြောင်းတဲ့ နေရာမှာကော ဘယ်လို အခက်အခဲတွေ ရှိလဲ။ ဘယ်လိုပုံစံမျိုးတွေနဲ့ လွှဲကြလဲရှင့်။

ဖြေ ။ ။ အများစုကတော့ ကျမတို့က NUG Pay သုံးတယ်။ နောက်တချက်က SDB Bank ကို သုံးပါတယ်။ ဘာလို့ဆို ဒီ bank တွေနဲ့ သွားရတာ ကျမတို့အတွက် အရမ်းအဆင်ပြေလို့ပါ။ သိပ်ခက်ခဲတဲ့ နေရာတွေကျရင် ဒါမျိုးလည်း သိပ်သုံးဖို့ အဆင်မပြေတဲ့နေရာတွေကျတော့ ကျမတို့က အသိတွေကနေတဆင့် ပြန်လွှဲခိုင်းတယ်။ Kpay တို့ ဘာတို့ သုံးခဲပါတယ်။ ဒါကတော့ သုံးခဲပါတယ်။ အများစုကိုတော့ ကျမတို့က စိတ်ချရတဲ့ network ကိုပဲ သုံးပါတယ်။ ဘာလို့ဆို တဘက်လူ Safety, ဒီဘက်လူ Safety အကုန်ရှိလို့ပါ။

မေး ။ ။ အဲ့ဒီနေရာမှာ NUG Pay တို့ Spring Development Bank (SDG) တို့ အဲ့ဒါတွေမှာ ယုံကြည်စိတ်ချရမှု့ဆိုတဲ့အပိုင်းက ဝေဖန်သံတွေလည်း ရှိတယ်။ တချို့ဆို SDG Bank ဆိုရင် အဲ့ဒါတွေကို လုပ်နေတဲ့သူတွေက ငွေကြေးလိမ်လည်တဲ့ ကျားဖျံတွေလိုမျိုး ဒါမျိုး စွပ်စွဲချက်တွေ သတင်းတွေလည်း ထွက်လာတဲ့အခါကြတော့ မမေကျော်တို့ကိုယ်တိုင် သုံးနေတဲ့အခါကြတော့ အဲ့ဒီဘဏ်တွေနဲ့ NUG Pay တို့ အပေါ်မှာ ယုံကြည်မှု့အပိုင်းက ဘယ်လိုရှိလဲရှင့်။

ဖြေ ။ ။ ကျမတို့ ယုံကြည်မှု့က အခုပြည်တွင်းမှာရှိနေတဲ့ ဘဏ်တွေထက်ကို ဒီဘဏ်တွေကို ယုံတာရှင့်။ ဒါကျမ ယုံကြည်မှု့ကို ပြောတာ။ ကျမတို့ကိုယ်တိုင် တင်မြှောက်ထားတဲ့ အစိုးရကိုယ်တိုင် ဦးစီးထားလို့ပါ။ NUG က ဦးစီးပြီးလုပ်ထားတဲ့ SDG Bank မို့လို့ ကျမက အရမ်းကို အားပေးပါတယ်။ ကျမကိုယ်တိုင်လည်း ယုံကြည်မှု့ 100 Percent ပါ။ ကျမကိုယ်တိုင်လည်း အဲ့ဒီမှာ တုန်ကင်တွေ ဝယ်ပြီးတော့ Saving တွေ လုပ်ထားပါတယ်။ အဲ့ဒီတော့ ဒီ့အတွက်တော့ ဘယ်သူတွေ ဘာပြောပြော ယုံကြည်ချက်နဲ့ ရှေ့ဆက်ခရီးသွားနေတာမို့လို့ ဘာမှ ပြဿနာ မရှိပါဘူး။ ကျမတို့ကတော့ အရမ်းယုံတယ်။

မေး ။ ။ စင်္ကာပူလိုနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ အများစုနေတဲ့ စင်္ကာပူနိုင်ငံမှာ (၃) နှစ် ကြာလာတဲ့အချိန်မှာ သူတို့ရဲ့ နွေဦးတော်လှန်ရေးပေါ် ယုံကြည်မှု့ ၊ ထောက်ခံအားပေးမှု့တွေက ဘယ်လို ဖြစ်လာလဲရှင့်။

ဖြေ ။ ။ တကယ်တော့လေ ကကြီးရေက အစကတည်းက ပါခဲ့တဲ့သူတွေ တော်တော်များများက လျော့တဲ့သူ နည်းပါတယ်။ အမာခံလုပ်ကြပါတယ်။ ကျမတို့ ဒီမှာ တော်လျှောက်နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒီမှာ ရွေးကောက်ပွဲကအစ လုပ်ခဲ့တဲ့ ကျမတို့လို လူတွေကတော့ အများစုပျမ်းမျှကို ကြည့်လိုက်ရင်တော့ မတရားမှု့ကို သိတဲ့လူတွေကတော့ အခုအချိန်အထိ ရှေ့ဆက်ပြီးတော့ လျှောက်နေကြတုန်းပါ။ တော်တော်များများ လျှောက်နေကြတုန်းပါ။ ဒါပေမဲ့ တချို့ကြတော့ ဒီနိုင်ငံမှ နေရဖို့ stay တွေ ခက်ခဲတဲ့အတွက် တခြားနိုင်ငံတွေ ပြောင်းသွားရတဲ့အခါမှာ သူတို့မှာ အားပေးချင်ပေမယ့်လည်း သူတို့မှာလည်း အခြားနိုင်ငံကို သူတို့ရဲ့ ဘဝရပ်တည်ရေးအတွက် အဲ့ဒီ့လိုမျိုးတွေနဲ့ Change သွားတဲ့သူတွေ ရှိပါတယ်။ အဲ့ဒါကြောင့်လည်း လျော့သွားသလို ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်မှု့တွေကတော့ တယောက်မှ မလျော့သွားဘူး။ ကျမတို့က ဒီတော်လှန်ရေးကြီး မနိုင်မချင်း သွားကြမယ်ဆိုတဲ့ စိတ်တွေနဲ့ သွားကြတဲ့အတွက် ကျမရဲ့ ရေချမ်းစင်က အခုချိန်ထိ ရပ်တည်နေနိုင်တာပါ။

မေး ။ ။ ဒါကတော့ စင်ကာပူနိုင်ငံ ပင်နီဆူးလား ပလာဇာမှာ ဖွင့်လှစ်ထားတဲ့ ရေချမ်းစင် စင်ကာပူရဲ့ ဆိုင်အကြောင်းကို တင်ဆက်ခဲ့တာပါ။ ဆက်လက်ပြီးတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန့်မာ့အရေးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ပွဲတော်တခုမှာ လာရောက်ပြီးတော့ အစားအသောက်တွေကို ရောင်းချတဲ့ ထားဝယ်သူ ထားဝယ်သားတွေရဲ့ အကြောင်းကိုလည်း ဆက်ပြီးတော့ တင်ပြချင်ပါတယ်။

ဖြေ ။ ။ ကျမတို့က ရေငဲရွာကပါ။ အဖွဲ့အတွက် ကျမတို့က ထောက်ပို့တွေပါ။ တနင်္သာရီတိုင်း ထားဝယ်မြို့နယ်။ ကျမကတော့ ကိုယ်တိုင်လည်း ထောက်ပံ့တယ်။ ကိုယ့်ဟာကိုယ် လုပ်အားခနဲ့လည်း ကူညီတယ်။ ရတဲ့ဘက်က ကူညီပေးတာ။

မေး ။ ။ အဲ့ဒီရွာဘက်မှာရှိတဲ့ အခြေအနေက ဘယ်လိုရှိပါလဲရှင့်။

ဖြေ ။ ။ အဲ့ဒီဘက်မှာ အခြေအနေကြတော့ ကျမတို့ရွာက ရေငဲရွာ တနင်္သာရီတိုင်း၊ တိုက်ပွဲ ဖြစ်တာကတော့ သူတို့ လေယာဥ်နဲ့ လာကြဲတယ်။ ရွာတော့ ပျက်သွားပြီ၊ နေလို့မရတော့ဘူး။ ရေငဲရွာ၊ ကနက်သိရိရွာ၊ ကျွဲမင်းကုန်း အဲ့ဒီ့ရွာတွေကြတော့ အကုန်လုံး ထွက်ပြေးနေရတယ်။ တရွာလုံးမှာ လူမရှိတော့ဘူး။ လူတွေ အကုန်လုံး ထွက်ပြေးကြကုန်ပြီ။ ကျွဲမင်ကုန်းရွာလည်း ပြေးကြ၊ ကုန်ပြီ။ ထွက်ပြေးကုန်ပြီ။ ရေငဲရွာဆို အကုန်လုံး ရွာပျက်သွားပြီ။

မေး ။ ။ ဒါကတော့ ဘန်ကောက်မြို့ကို ရောက်နေတဲ့ ထားဝယ်သူ၊ ထားဝယ်သားတွေကနေပြီးတော့ သူတို့ နေရပ်တွေမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှု့ဒဏ်ကို ခံနေရတဲ့ ဒေသခံရွာသူရွာသားတွေအတွက် သူတို့ အကူအညီတွေ ပေးနိုင်ဖို့အတွက် ရန်ပုံငွေတွေ ရှာဖွေနေတာနဲ့ ပတ်သက်ပြီးတော့လည်း ပြောသွားတာပါ။ အခုဆက်လက်ပြီးတော့ ချင်းမိုင်တက္ကသိုလ်မှာ သြဂုတ်လ အစောပိုင်းတုန်းက ပြုလုပ်ခဲ့တဲ့ မြန့်မာ့အ‌ရေး ဆွေးနွေးပွဲမှာ လာပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ လက်မှု့ပညာနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေကို လာပြီးတော့ ရောင်းချတာနဲ့ ပတ်သက်ပြီးတော့ ကျမတို့ မြန်မာအမျိုးသမီးတွေကို မြန်မာအမျိုးသမီး ၆၀၀ ကျော်လောက်ကို မဲဆောက်မှာ လက်မှု့ပညာနဲ့ ပတ်သက်ပြီးတော့ သင်တန်းပေးနေတဲ့ မဇာလီကို တွေ့ဆုံမေးမြန်းထားပါတယ်။

ဖြေ ။ ။ အခုမြင်ရတာကတော့ ချင်းထဘီပေါ့။ ချင်းတိုင်းရင်းသား ထဘီ လုပ်ထားတာ အမျိုးသမီးတွေလည်း တော်လှန်ရေးမှာ တတ်အားသရွေ့ အကုန်ပါဝင်လာကြတယ်။ အမျိုးသမီးတွေကလည်း ဒီအမှန်တရားဘက်မှာလည်း အမြဲလည်း ရပ်တည်ခဲ့တယ်ဆိုတော့ ဒါက အမျိုးသမီးတွေ တော်လှန်ရေး အင်အားဘက်မှာ ဂုဏ်ပြုတဲ့အနေနဲ့ ကျမတို့ လုပ်တဲ့အလံ။ “ငါတို့ ထဘီ၊ ငါတို့ အလံ၊ ငါတို့ အောင်ပွဲပေါ့” မတရား အာဏာသိမ်းပြီးတော့ ကျမတို့တွေက မတရား ကိုယ့်နိုင်ငံကနေပြီးတော့ ထွက်ပြေးလာရတယ်။ တိမ်းရှောင်လာရတဲ့ အချိန်မှာ သူတို့လုပ်ရပ်ကြောင့် ဒီလိုနေရာမှာ ငါတို့တွေက အခက်အခဲအများကြီးနဲ့ နေသွားရမယ်ဆိုရင် ဒါက မဖြစ်သင့်ဘူးလေ။ ဘယ်နေရာရောက်ရောက် ငါတို့အမျိုးသမီးတွေက ငါတို့ တတ်ကျွမ်းတဲ့ပညာနဲ့ ငါတို့ ရပ်တည်နိုင်တယ်ဆိုတဲ့အရာကို ပြသချင်တယ်။ ဘယ်နေရာရောက်ရောက်၊ ငါတို့ ဘယ်လိုဘဲ ဒုက္ခဖြစ်ဖြစ်၊ ဘယ်လိုပဲ အခက်အခဲဖြစ်ဖြစ်၊ ငါတို့တွေက ဘယ်နေရာရောက်ရောက် လက်မထောင်ပြီးတော့ ရပ်တည်နိုင်ရမယ်ဆိုတဲ့ အဲ့ဒီစိတ်နဲ့ ညီမ စပြီးတော့ လုပ်ခဲ့တယ်။

Forum

XS
SM
MD
LG