လတ်တလော မီဒီယာစာမျက်နှာတွေမှာ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ တရုတ်ရဲ့အရေးပါမှုကိုသာ ဦးစားပေးရေးသားကြ၊ဆွေးနွေးကြ၊ဖော်ပြနေကြတာကို တွေ့ရပါတယ်။
အမေရိကန်ရဲ့ အခန်းကဏ္ဍကို သိပ်ပြောကြ၊ရေးကြတာ မတွေ့ရပါဘူး။လက်တွေ့မှာလည်း အင်အားကြီး နိုင်ငံလည်းဖြစ်တဲ့ အိမ်နီးချင်းတရုတ်ရဲ့ အခန်းကဏ္ဍက ထင်သာ၊မြင်သာရှိပြီး အမေရိကန်ကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းတွေ၊တန်ဖိုးတွေပေါ်မှာ ရပ်ခံတာကလွဲလို့ တော်လှန်ရေးကို ထိထိ ရောက်ရောက် ကူညီတာ မရှိဘူးလို့ မြင်သူတွေ၊ဝေဖန် သုံးသပ်သူတွေလည်း ရှိပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၂၀၂၃၊အောက်တိုဘာ ၂၇ ရက်မှာ စတင်ခဲ့ပါတယ်။ဒီစစ်ဆင်ရေးကို တရုတ်က မီးစိမ်းပြခဲ့တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။
တဖက်မှာလည်း တရုတ်ဟာ စစ်ကောင်စီနဲ့ ရင်းနှီးတဲ့ သံတမန်ဆက်ဆံရေးလမ်းကြောင်းကိုလည်း ဖော်ဆောင်နေတာ တွေ့ရပါတယ်။၁၀၂၇ စစ်ဆင်ရေးဟာ တိုက်လိုက်၊အရှိန်ရလာရင် တရုတ်ရဲ့ ဖိအားနဲ့ ရပ်လိုက်။ငြိမ်းချမ်းရေးဆွေးနွေးလိုက်နဲ့ ရှိရာက အခုနောက်ဆုံးမှာတော့ ရှမ်းမြောက်ဒေသရဲ့ အချက်အခြာ လာရှိုးမြို့ကြီးနဲ့ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ အရေးအပါဆုံးသော အရှေ့မြောက်တိုင်း စစ်ဌာနချုပ်(ရမခ)ဟာ ဩဂုတ်လ ၃ ရက်နေ့မှာ MDAA တပ်တွေရဲ့ လက်ထဲကို ကျရောက်သွားခဲ့ပါပြီ။
ဒါကြောင့်လည်း တရုတ်ဟာ မီးစတစ်ဖက်၊ရေမှုတ်တစ်ဖက်နဲ့ မြန်မာ့နိုင်ငံရေးမှာ ဩဇာလွှမ်းမိုး ကြီးစိုးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ကြသလို၊ဒီယာတွေကလည်း ရေးသားကြတာပါ။
အမေရိကန်ဟာ လာမယ့် နိုဝင်ဘာမှာ သမ္မတရွေးကောက်ပွဲပြုလုပ်ဖို့ ရှိပါတယ်။ဒါကြောင့် ဘိုင်ဒန် အစိုးရဟာ သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးကိစ္စတွေမှာ ဦးစားပေး အာရုံစိုက်မှာဖြစ်တဲ့အတွက် အစကတည်းက အမေရိကန်နိုင်ငံခြားရေး မူဝါဒရဲ့ ဦစားပေးအဆင့်မှာ မရှိတဲ့ မြန်မာ့အရေးကို ဒီအချိန်မှာ အလေးပေး လုပ်ဆောင်မှာ မဟုတ်ဘူးလို့ ထောက်ပြကြသူတွေလည်းရှိပါတယ်။ဒီလိုအချိန်မှာပဲ ဩဇာကြီးတဲ့ အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell အပါအဝင် ဒီမိုကရက်နဲ့ ရီပတ်ပလီကင် ပါတီနှစ်ခုက အထက်လွှတ်တော်အမတ်တွေဟာ မြန်မာခုခံတော်လှန်ရေးအင်အားစုတွေကို ပိုမိုထောက်ပံ့နိုင်မယ့် အမေရိကန်မူဝါဒ လိုအပ်နေကြောင်း အိတ်ဖွင့်ပေးစာတစ်စောင်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken နဲ့ အမေရိကန်နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ(USAID)အကြီးအကဲ Samatha Power တို့ဆီကို ပေးပို့ခဲ့တယ်လို့ ဩဂုတ်လ ၁ ရက်နေ့ VOA မြန်မာပိုင်းသတင်းမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။Bilnken ဟာ အမေရိကန်အစိုးရနိုင်ငံခြားရေးမူဝါဒတွေကို ဦးဆောင် အကောင်အထည်ဖော်ရသူဖြစ်ပြီး၊USAID အဖွဲ့ကတော့ အမေရိကန်အစိုးကပေးအပ်တဲ့ အကူအညီတွေ အဓိကစီးဆင်းရာ အဖွဲ့ကြီးဖြစ်ပါတယ်။
အထက်လွှတ်တော် အမတ်တွေရဲ့ အိတ်ဖွင့်ပေးစာမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်းက ခုခံတော်လှန်ရေး အင်အားစုတွေကို ပိုမိုထောက်ပံ့နိုင်မယ့် မူဝါဒတစ်ရပ် အရေးပေါ်လိုအပ်နေတယ်။
"လူသေစေနိုင်သော လက်နက်မဟုတ်တဲ့ ထောက်ပံ့ကူညီမှု” ကို မလိုအပ်ဘဲ ကျဥ်းကျဥ်း မြောင်းမြောင်းအဓိပ္ပါယ်ဖွင့်ဆိုပြီး အကောင်အထည်ဖော်မှု နှေးကွေးတာကြောင့် ခုခံရေး အင်အားစုတွေဆီကို အချိန်ကိုက်၊သက်ရောက်မှုရှိရှိ ထောက်ပံ့ကူညီရမယ့် အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို နှောင့်နှေးစေတယ်။ဆေးပစ္စည်းတွေ၊ ကျည်ကာတွေ၊ တင်ကြိုအချက်ပေးတဲ့ ရေဒါစနစ်၊ ဒရုန်းဖျက်စက်ကိရိယာတွေ ပေးခြင်းအားဖြင့် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကနေ ခုခံရေးအင်အားစုတွေကို အကာအကွယ် ပေးနိုင်မှာဖြစ်တယ်။လွှတ်တော်ကနေ လုပ်ပိုင်ခွင့်ပေးထားပါလျက် ဒီလိုအသက်ကယ်ပစ္စည်းတွေကို မပေးဘူးဆိုတဲ့မူဝါဒ ဆုံးဖြတ်ချက်ကို ပြန်လည်စဥ်းစားဖို့လည်း အစိုးရကို တိုက်တွန်းတယ်။ရက်စက် ကြမ်းကြုတ်လှတဲ့ စစ်ကောင်စီကို သတ္တိရှိရှိရင်ဆိုင်နေကြတဲ့ ခုခံရေးအင်အားစုတွေကို ပိုပြီးထိထိရောက်ရောက် ထောက်ခံ ပံ့ပိုးနိုင်မယ့် ချဥ်းကပ်ပုံနဲ့ လှုပ်ရှားဖို့ အရေးပေါ် လိုအပ်နေတယ်။အားလုံးပါဝင်တဲ့ ဖက်ဒရယ် မူဘောင်ထဲမှာ အနာဂတ်အစိုးရဖွဲ့ဖို့ အလွန်အရေးကြီးလှတဲ့ ဒီမိုကရေစီ လိုလားတဲ့အဖွဲ့တွေနဲ့ တိုင်းရင်းသား အဖွဲ့တွေကို အားကောင်းလာအောင် သံတမန်ရေးအရ ဆောင်ရွက်သင့်တယ်။အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊အမျိုးသား ညီညွတ်ရေးအစိုးရ (NUG )၊တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ သံတမန်ရေးအရ ရင်းရင်းနှီးနှီး ထိတွေ့လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်လို့ ဖော်ပြထားကြောင်း VOA သတင်းမှာဖော်ပြထားတာ တွေ့ရပါတယ်။
အမေရိကန်အထက်လွှတ်တော်အမတ်တွေရဲ့ အိတ်ဖွင့်ပေးစာအပေါ် ဘယ်လိုမြင်ပါသလဲလို့ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတာ Advocacy အလုပ်တွေ ဆောင်ရွက်နေတဲ့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်လေးကို မေးမြန်းကြည့်တဲ့အခါ အခုလိုပြောပါတယ်။
"ဒီထုတ်ပြန်ချက်ဟာ သိရသလောက်တော့ အတော်ပြင်းထန်ပါတယ်။အစိုးရလုပ်သင့်တာတွေကိုပါထောက်ပြထားပါတယ်။အမေရိကန်ရောက် မြန်မာတွေဟာ အာဏာသိမ်းပြီးကတည်းက ခုချိန်ထိအောင် တတ်နိုင်တဲ့နည်းနဲ့၊နည်းပေါင်းစုံနဲ့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြပါတယ်။ဒါပေမဲ့ အခုထက်ပိုပြီး ပြည်နယ်အသီးသီးက လွှတ်တော်အမတ်တွေနဲ့ သူတို့ရုံးအဖွဲ့တွေကို ချဉ်းကပ်တိုက်တွန်းမှုတွေ လုပ်သင့်တယ်လို့ ယူဆပါတယ်။လွှတ်တော်အမတ်တွေကတစ်ဆင့် အစိုးရကို မေးခွန်းထုတ်တာ၊တိုက်တွန်းတာတွေ လုပ်နိုင်ရင် အမေရိကန်အစိုးရရဲ့ မြန်မာ့အရေးအပေါ် ဆောင်ရွက်မှုတွေဟာလည်း ပိုအားကောင်းလာမယ်လို့ မြင်ပါတယ်။လွှတ်တော် အမတ်တွေကို ဒီမှာ နိုင်ငံသားဖြစ်ပြီးသားသူတွေက နေပြီးတော့ Voter Role (မဲဆန္ဒရှင်အခွင့်အရေးကို)ကိုင်ပြီး ချဉ်းကပ်လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်။မြန်မာ့အရေးကို သူ့တို့ခေါင်းထဲမှာ အမြဲရှိနေအောင် အမြဲ နားပူ၊နားဆာလုပ်နေရမယ့် သဘောပဲဖြစ်ပါတယ်။Advocacy ဆိုတာက တစ်ကြိမ်၊တစ်ပွဲတည်း လုပ်ရုံနဲ့ ပြီးမြောက်အောင်မြင်တဲ့အလုပ် မဟုတ်လို့ နည်းပေါင်းစုံသုံးပြီးတော့ အမြဲတိုက်တွန်းနှိုးဆော်မှုတွေ လုပ်နေသင့်တယ်လို့လည်း ယူဆပါတယ်”
အမေရိကန် နိုင်ငံရေးလောကမှာ Lobby နဲ့ Advocacy တို့ရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါ အရာရောက်တာတွေ့ရပါတယ်။ဥပမာ ပြရရင် အမေရိကန်နိုင်ငံခြားရေးမူဝါဒမှာ ထိပ်တန်းဦးစားပေးနေရာမှာရှိနေတဲ့ ရိုဟင်ဂျာအရေးဟာ Advocacy လုပ်ငန်းကို အချိန်ပေးပြီး စနစ်တကျနဲ့ ဗျူဟာကျကျ ဆောင်ရွက်ခဲ့တာကြောင့်ဆိုတာကို တွေ့ရမှာပါ။ဒါကြောင့် Advocacy လုပ်ငန်းဟာ တစိုက်မတ်မတ်လုပ်ဖို့လိုသလို မဟာဗျူဟာကျကျဆောင်ရွက်နိုင်ဖို့လည်းလိုအပ်ပါတယ်။
မြန်မာ့အရေးမှာ တရုတ်သဘောထား မကောင်းဘူးဆိုတာက အံ့ဩစရာ မရှိပါဘူး။အမေရိကန်သဘောထား မကောင်းဘူးဆိုတာက အံ့ဩစရာပါ။ဘာလို့လဲဆိုတော့ အမေရိကန်ဟာ မြန်မာ့ဒီမိုကရေစီရေးကို အစဉ်တစိုက်ထောက်ခံအားပေးခဲ့တဲ့ နိုင်ငံဖြစ်လို့ပါပဲ။နောက် ကျနော်တို့နွေဦးတော်လှန်ရေးရဲ့ နှုန်းစံ၊ တန်ဖိုးတွေက ဖက်ဒရယ်ဒီမိုကရေစီနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်တဲ့အတွက် ဒီနှုန်းစံတွေကို တန်ဖိုးထားတဲ့ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ကူညီမှုက အရေးတကြီး လိုအပ်ပါတယ်။ဒါကြောင့် Mitch McConnell တို့ အထက်လွှတ်တော် အမတ်တွေရဲ့ အိတ်ဖွင့်ပေးစာကို ကိုင်ပြီး အမေရိကန်နိုင်ငံခြားရေး ဌာနကို ဖိအားပေးနိုင်ဖို့လိုအပ်ပါတယ်။ဒီအတွက် အမေရိကန်ရောက်မြန်မာတွေရဲ့ မဲပေးပိုင်ခွင့်ကို Advocacy အခွင့်အလမ်းတစ်ရပ်အဖြစ်အသုံးချနိုင်ပါတယ်လို့ ဝါရှင်တန်နိုင်ငံရေးနဲ့ နီးစပ်သူ တစ်ဦးက အကြံပြုပြောကြားပါတယ်။
ပြည်သွေးနိုင်