သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“မြန်မာခုခံရေးအင်အားစုတွေ ပိုမိုထောက်ပံ့နိုင်မယ့် ကန်မူဝါဒလိုအပ်” ကန်လွှတ်တော်အမတ်များထုတ်ပြန်


အမေရိကန်နိုင်ငံရေးမှာ ဩဇာကြီးတဲ့ အထက်လွှတ်တော်အမတ် Mitch McConnell
အမေရိကန်နိုင်ငံရေးမှာ ဩဇာကြီးတဲ့ အထက်လွှတ်တော်အမတ် Mitch McConnell

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံတွင်း ခုခံတော်လှန်ရေးအင်အားစုတွေကို ပိုမိုထောက်ပံ့နိုင်မယ့် ချည်းကပ်မှု မူဝါဒတရပ်ကို အရေးပေါ်လိုအပ်နေတယ်လို့ အမေရိကန်နိုင်ငံရေးမှာ ဩဇာကြီးတဲ့ အထက်လွှတ်တော်အမတ် Mitch McConnell အပါအဝင် ပါတီကြီးနှစ်ပါတီက အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်နဲ့ အမေရိကန် နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီ (USAID) အကြီးအကဲ Samantha Power တို့ကို ပါတီနှစ်ပါတီက အထက်လွှတ်တော်အမတ်တွေက ပူးတွဲပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာပါ။ လွှတ်တော်က ပြဌာန်းခဲ့တဲ့ “သေစေနိုင်သော လက်နက်မဟုတ်တဲ့ ထောက်ပံ့ကူညီမှု” ကို မလိုအပ်ဘဲ ကျဥ်းကျဥ်း မြောင်းမြောင်းအဓိပ္ပါယ်ဖွင့်ဆိုပြီး အကောင်အထည်ဖော်မှု နှေးကွေးတာကြောင့် ခုခံရေး အင်အားစုတွေကို အချိန်ကိုက်၊ သက်ရောက်မှုရှိရှိ ထောက်ပံ့ကူညီရမယ့် အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို အရေးပါပါ နှောင့်နှေးစေတယ်လို့လည်း မစ်ချ် မက္ကောနယ်တို့က ပြောပါတယ်။

ဆေးပစ္စည်းတွေ၊ ကျည်ကာတွေ၊ တင်ကြိုအချက်ပေးတဲ့ ရေဒါစနစ်၊ ဒရုန်းဖျက်စက်တွေ၊ စစ်ကောင်စီရဲ့ ISR ထောက်လှမ်းရေး ဒရုန်းဖျက်ကိရိယာတွေ ပေးခြင်းအားဖြင့် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကနေ ခုခံရေးအင်အားစုတွေကို အကာအကွယ်ပေးနိုင်မှာဖြစ်တယ်လို့ မစ်ချ် မက္ကော်နယ်တို့က ဆိုပါတယ်။ လွှတ်တော်ကနေ လုပ်ပိုင်ခွင့်ပေးထားပါလျက် ဒီလိုအသက်ကယ်ပစ္စည်းတွေကို မပေးဘူးဆိုတဲ့မူဝါဒဆုံးဖြတ်ချက်ကို ပြန်လည်စဥ်းစားဖို့လည်း လွှတ်တော်အမတ်တွေက အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

ပဋိပက္ခအတွင်း ရှေ့မတိုးနောက်မဆုတ်အခြေအနေဟာ ရှည်ကြာဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေတဲ့အတိုင်း နိုင်ငံအပိုင်းပိုင်း ဖြစ်သွားနိုင်တဲ့ရလဒ်ဖြစ်လာနိုင်တာမို့ အမေရိကန်အစိုးရအနေနဲ့ အားလုံးအကျုံးဝင် ရှေ့ကိုလှမ်းနိုင်မယ့် မြန်မာနိုင်ငံဆိုင်ရာ မဟာဗျူဟာရှိဖို့ အရေးကြီးလှတယ်လို့ အထက်လွှတ်တော်အမတ်တွေက ဆိုပါတယ်။ ရက်စက် ကြမ်းကြုတ်လှတဲ့ စစ်ကောင်စီကို သတ္တိရှိရှိရင်ဆိုင်နေကြတဲ့ ခုခံရေးအင်အားစုတွေကို ပိုပြီးကောင်းကောင်း ထောက်ခံပံ့ပိုးမယ့် ချဥ်းကပ်ပုံနဲ့ ပြန်လည်သက်ဝင်လှုပ်ရှားဖို့ အရေးပေါ် လိုအပ်နေတယ်လို့ အထက်လွှတ်တော်အမတ်တွေက သတင်းထုတ်ပြန်ချက်မှာ ပြောပါတယ်။ အားလုံးပါဝင်တဲ့ ဖက်ဒရယ်မူဘောင်ထဲမှာ အနာဂတ်အစိုးရဖွဲ့ဖို့ အလွန်အရေးကြီးလှတဲ့ ဒီမိုကရေစီ လိုလားတဲ့အဖွဲ့တွေနဲ့ တိုင်းရင်းသား အဖွဲ့တွေကို အားကောင်းလာအောင် သံတမန်ရေးအရ ဆောင်ရွက်သင့်တယ်လို့လည်း ထုတ်ပြန်ချက်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ သံတမန်ရေးအရ ရင်းရင်းနှီးနှီး ထိတွေ့လုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။ တရုတ်က မြန်မာအရေးမှာ လိုသလို ကစားနေပေမဲ့ မကြာခင်က မြန်မာပြည်မှာ ဖြစ်ပေါ်တိုးတက်မှုတွေအရ အာဆီယံ၊ ထိုင်း၊ ဂျပန်၊ အိန္ဒိယတို့အပါအဝင် အင်ဒို ပစိဖိတ်ဒေသအတွင်းက နိုင်ငံတွေ နဲ့ ထိုးထွင်းတီထွင်မှုရှိရှိ သံခင်းတမန်ခင်း ဖွင့် ပူးပေါင်းဆောင်ရွက်ဖို့ လမ်းပွင့်နေတယ်လို့လည်း မစ်ချ် မက္ကောနယ် တို့က မြင်ပါတယ်။

တပြိင်တည်းမှာပဲ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရမှာဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီတွေအတွက် အနှောင့်အယှက်မရှိ ကူညီခွင့်ပေးရမှာဖြစ်သလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုကို အမေရိကန်က မြှင့်တင်ဆောင်ရွက်ရမယ်လို့လည်း ထုတ်ပြန်ချက်ကဆိုပါတယ်။ လေယာဥ်ဆီ အပါအဝင် ပိတ်ဆို့အရေးယူရေးကိုလည်း ထပ်မံကြည့်ရှုဖို့ တိုက်တွန်းသွားပါတယ်။

မစ်ချ် မက်ကော်နယ်နဲ့အတူ အထက်လွှတ်တော် နိုင်ငံခြား ဆက်‌ဆံရေး ကော်မီတီဥက္ကဋ္ဌ ဒီမိုကရက် အမတ် Ben Cardin ကော်မီတီဝင် ရီပါဘလီကန်အမတ် Jim Risch၊ အထက်လွှတ်တော် ဒီမိုကရက်အမတ် Jeff Merkley နဲ့ အထက်လွှတ်တော် ရီပါဘလီကန် အမတ် Todd Young တို့က ပူးတွဲစာပို့ခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG