တူရကီနိုင်ငံ အနောက်ပိုင်း ဒေသတလွှားလောင်နေတဲ့ တောမီးဟာ လေပြင်းတိုက်ခတ်မှုနဲ့ အပူရှိန်မြင့်မားမှုကြောင့် ၃ ရက်ကြာတဲ့အထိ မငြှိမ်းသတ်နိုင်သေးပဲ ဆက်လက် လောင်ကျွမ်းနေတယ်လို့ တူရကီအာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ နိုင်ငံတလွှား နေရာပေါင်း ၁၃၀ ကျော်မှာ တောမီးတွေ လောင်ကျွမ်းခဲ့တယ်လို့ တူရကီ သဘာဝဘေး အန္တရာယ်နဲ့ အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောပါတယ်။
အများစုကို ထိန်းချုပ်နိုင်ပြီဖြစ်ပေမယ့် အစ်ဇ်မာ ၊ အိုင်ဒင်၊ မနီစာ၊ ကာရာဘာခ်နဲ့ ဘိုလူ ခရိုင်တွေမှာ တောမီးအကြီးအကျယ် လောင်ကျွမ်းနေတဲ့နေရာ ၈ နေရာ ရှိတယ်လို့ ပြောပါတယ်။
မီးသတ်သမား ထောင်ပေါင်းများစွာဟာ ဒါဇင်နဲ့ချီတဲ့ လေယာဉ်တွေ၊ ရာနဲ့ချီတဲ့ မီးသတ်ကားတွေကိုသုံးပြီး မြေပြင်ကနေရော ဝေဟင်ကပါ မီးကို ငြှိမ်းသတ်နေကြတာ ဖြစ်ပါတယ်။
တောမီး လောင်ကျွမ်းနေတဲ့ နေရာတွေက ဒေသခံ ထောင်ပေါင်းများစွာကိုလည်း ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားတာဖြစ်ပြီး အခုချိန်အထိတော့ ဒီတောမီးကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ စိုက်ပျိုးရေးနဲ့ သစ်တော ဝန်ကြီး Ibrahim Yumakli က စနေနေ့မှာ ပြောပါတယ်။
လေပြင်းတိုက်ခတ်ပြီး အပူရှိန်မြင့်မားနေတာကြောင့် မီးက အရှိန် မသေနိုင်သေးကြောင်းနဲ့ တူရကီ အနောက်ပိုင်း ဒေသတလွှားမှာ လာမယ့် ၁၀ ရက်အတွင်း မီးဘေးအန္တရာယ်သင့်နိုင်ခြေက ရာခိုင်နှုန်း ၇၀ လောက် ကျန်နေသေးကြောင်းလည်း သတိပေးထားပါတယ်။
ဇွန်လတုန်းကတော့ တူရကီ အရှေ့တောင်ပိုင်းမှာ မီးလောင်မှုနဲ့ဆက်နွယ်ပြီး သေဆုံးရသူ ၁၁ ဦး ရှိခဲ့တာပါ။
Forum