သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီတောင်ဘက် လေးကေကော်မှာ တိုက်ပွဲပြင်းထန်


KNLA PDF ပူးပေါင်းတပ်ဖွဲ့ ( Photo: KNLA PDF)
KNLA PDF ပူးပေါင်းတပ်ဖွဲ့ ( Photo: KNLA PDF)

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် ထိုင်းမြန်မာနယ်စပ် လေးကေကော် မြို့သစ်မှာရှိတဲ့ စစ်ကောင်စီတပ် စွယ်တော်ကုန်း လက်နက်ကြီးစခန်း ရှိရာကို KNLA/PDF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေရာမှာ ညဘက်တွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ စစ်ကောင်စီဘက်က ညစဉ်လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်နေတာ အခုဆိုရင် ၄ ညမက ရှိသွားပြီလို့ ဒေသခံတွေကပြောပါတယ်။ ထိုင်း- မြန်မာနယ်စပ်မှာ အခုလို တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ထိုင်းစစ်တပ်က နယ်စပ်မှာ လုံခြုံရေးကို ပိုတိုးမြှင့်ချထားတယ်လို့လည်း ပြောပါတယ်။

ဗွီအိုအေ သတင်းထောက် မအေးအေးမာက ဒီအကြောင်း သတင်းပေးပို့ထားပါတယ် ။


ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ် စွယ်တော်ကုန်းမှာ ထိုင်ထားတဲ့ စစ်ကောင်စီတပ် အမြောက်ကုန်း စခန်းနေရာကို KNLA/PDF ပူးပေါင်းတပ်တွေက ပိတ်ဆို့ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အတွက် ညပိုင်းတွေမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတဦးက VOA ကိုပြောပါတယ်။


" စွယ်တော်ကုန်းအခြေအနေက ညတိုင်း သန်းခေါင်းကျော်တာနဲ့ ပစ်နေကြတယ်၊ တညကို ဆယ်လုံးလောက် ပုံမှန် ကြားနေရတယ် ၂ ဖဲွ့ပေါင်းကတော့ PDF နဲ့ KNLA ကတော့၊ အဲဒီကုန်းကို တက်မရသေးဘူး ကြားတယ်။ လောလောဆယ်တော့ လက်နက်ကြီးသံတွေ ကြားနေရတယ်။ ၄ ည ရှိနေပြီ။ စစ်တပ်ကလည်း လက်နက်ကြီးနဲ့ ပစ်တယ် KNLA /PDF ပူးပေါင်းတပ်ဘက်က လက်နက်ငယ်နဲ့ ပစ်ပြီး တက်တယ်။ တညကို ဆယ်လုံးလောက် ၁၀ မိနစ်ခြား ၁၅ မိနစ်ခြား ပစ်နေတယ်။ "

မြန်မာစစ်တပ်ဘက်ကလည်း မြေမြှပ်မိုင်းတွေ ထောင်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေကြောင်းနဲ့ စားနပ်ရိက္ခာ အတွက်တော့ စစ်တပ်က လေကြောင်းကနေ ပို့ပေးနေတာတွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့အပြင် ဒေသခံတွေဟာ သူတို့ရဲ့ ရွာ အနီးအနားတွေမှာ လက်နက်ကြီး ကျည်ဆံတွေ ကျရောက်ပေါက်ကွဲ နေတဲ့အတွက် သူတို့ရဲ့ နေအိမ်တွေမှာ မနေရဲတော့ပဲ သောင်ရင်းမြစ်အနီးကို ရွှေ့ပြောင်း နေထိုင်နေရတယ်လို့လည်း ပြောပါတယ်။

" ဒေသခံတွေက သူတို့အိမ်တွေ ရွာတွေပေါ်ကို ကျမှာစိုးရိမ်နေကြတယ် ။ ဒီတော့ ထိုင်းဘက်ကမ်းနဲ့နီးတဲ့ သောင်ရင်းနယ်စပ်ဘက်ကို ပြေးနေကြတယ်။ "

ထိုင်း-မြန်မာနယ်စပ်မှာ ညဘက်တိုင်း တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ ထိုင်းဘက်ခြမ်း မဲဆောက်မြို့ထိပါ ပစ်ခတ်တိုက်ခိုက်သံတွေ ညတိုင်း ကြားနေရတဲ့အတွက် ထိုင်းနယ်ခြားစောင့်တပ်ကလည်း နယ်စပ်မှာ အဖမ်းဆီးတွေ ဆက်တိုက် လုပ်လာသလို၊ ကင်းလှည့်တာတွေလည်း တိုးလုပ် လာနေပါတယ်။ နယ်စပ်တလျောက်မှာ နေထိုင်နေတဲ့ စစ်ဘေးရှောင် လူဦးရေ ၅ ထောင်လောက်ကတော့ နေရပ်ကို မပြန်ရဲပဲ သောင်ရင်းမြစ်ဘေးမှာပဲ ဆက်ပြီး နေထိုင်နေကြဆဲ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG