သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်လေးဆိပ်တံတား မိုင်းခွဲခံရမှုကြောင့် ကုန်ကားတွေပိတ်မိ


ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး မွန်ပြည်နယ် သထုံမြို့နယ်ထဲမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းပေါက်ခွဲခံရပြီးမြင်ကွင်း။ (ဓာတ်ပုံ-CJ)
ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး မွန်ပြည်နယ် သထုံမြို့နယ်ထဲမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းပေါက်ခွဲခံရပြီးမြင်ကွင်း။ (ဓာတ်ပုံ-CJ)

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီး မွန်ပြည်နယ် သထုံမြို့နယ်ထဲမှာရှိတဲ့ ကရင်လေးဆိပ်တံတား မိုင်းပေါက်ခွဲခံရပြီးနောက် ရာနဲ့ချီတဲ့ကုန်ကားတွေနဲ့ ခရီးသွားကားတွေလည်းပိတ်မိနေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မွန်ပြည်နယ် ဘီးလင်းနဲ့သထုံကြားက သထုံမြို့နယ်အပိုင်မှာရှိတဲ့ ကရင်လေးဆိပ်ကျေးရွာကိုအစွဲပြုပြီးခေါ်တဲ့ ကရင်လေးဆိပ်တံတားဟာ ဇူလိုင် ၁၆ ရက်ည ၁၁ နာရီလောက်မှာ ဗုံးခွဲခံရတယ်လို့ ဒေသခံတွေကဆိုပါတယ်။ ဇူလိုင်လ ၁၇ ရက်နေ့မှာတော့ အဲဒီ လမ်းမပေါ်မှာ ကုန်တင်ကားတွေ၊ အိမ်စီးကားတွေ အစီးရာနဲ့ချီသွားလာလို့မရဘဲ ပိတ်မိနေတယ်လို့ ဒေသခံတဦးက VOA ကို အခုလိုပြောပါတယ်။

"တံတားခွဲခံရတာတော့သိတယ်။ ကရင်လေးဆိပ်တံတားဆိုတာကတော့ ကျုံအိတ် တံတားရဲ့ဒီဘက် သထုံဘက်ကိုဝင်လာတဲ့တံတားပါ။ အခုလောလောဆယ် ကားတွေပိတ်မိနေတယ်။ ချောင်းကူးတဲ့တံတားဖြစ်နေတော့ မိုးတွင်းဖြစ်နေတော့ ချောင်းကရေများနေတယ်။ ကားတွေက အောက်ကနေလည်းကူးမရဘူး။ မိုးတွင်းဖြစ်နေတော့လေ။"

ဒီတံတားဟာ အရင်က မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားရဲ့အနီးအနားကတံတားတစင်းဖြစ်ပြီး အာဏာပိုင်တွေကတော့ ဇူလိုင်လ ၁၇ ရက်နေ့မှာပြင်ဆင်တာတွေတော့မလုပ်ဘူးလို့ဆိုပါတယ်။

"အကုန်ပဲ။ ကုန်ကားတွေကော၊ ခရီးသည်ကားတွေကော၊ အိမ်စီးကားတွေရော ပိတ်မိနေတယ်၊ အပေါ်ကတော့ မနက်ဖြန်လောက်ဆိုရင်တော့ ဘေလီတံတားတော့လုပ်လိမ့်မယ်ထင်တယ်။ ဒီနေ့ ဒီအချိန်ကတော့ ကားတွေလည်းသွားလာလို့မရသေးဘူး။"

ဒီတံတားမိုင်းခွဲခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို တံတားမိုင်းခွဲခံရမှုနဲ့ပတ်သက်လို့ ဘယ်သူတွေရဲ့လက်ချက်ဆိုတာ ထုတ်ဖော်ပြောဆိုတာလည်း မရှိသေးပါဘူး။

မေလ ၁၁ ရက်နေ့တုန်းကတော့ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာက ကျုံအိတ်တံတားမိုင်းခွဲခံခဲ့ရပါတယ်။ ဒီတံတားကို မိုင်းခွဲခဲ့တာဟာ KNLA/PDF တပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မေလ ၂၃ ရက်နေ့ကလည်း မစောတံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။ အဲဒီတုန်းကတော့ အရပ်သားတဦးသေဆုံးခဲ့ပါတယ်။ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ PDF တွေနဲ့တိုက်ပွဲတွေဖြစ်နေပြီး အခုလိုတံတားတွေ မိုင်းခွဲခံခဲ့ရဖူးပါတယ်။ ဒီအတွက် ခရီးသွားပြည်သူတွေအတွက် လမ်းပမ်းဆက်သွယ်ရေးတွေ ပိုခက်ခဲစေပြီး ကုန်စျေးနှုံးကြီးမြင့်တဲ့ဒဏ်တွေကိုလည်း လူထုက ခံစားနေရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG