သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် မန္တလေးရထားလမ်း ဖြူးနားမှာ မိုင်းခွဲခံရ


 ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာနဲ့ ညောင်ပင်သာဘူတာအကြားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ (မေ ၁၊ ၂၀၂၄)
ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာနဲ့ ညောင်ပင်သာဘူတာအကြားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရ (မေ ၁၊ ၂၀၂၄)

ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကိုသွားတဲ့ အဓိက မီးရထားလမ်းက ပဲခူးတိုင်း၊ ဖြူးမြို့နယ်နားဖြတ်သွားတဲ့ မီးရထားလမ်းအပိုင်းမှာ ဒီကနေ့ မိုင်းခွဲခံရပြီး ရထားလမ်း ပျက်စီးသွားတဲ့အတွက် ခရီးစဉ်တွေ ယာယီရပ်နားထားတယ်လို့ ရထားပို့ဆောင်ရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ရထားလမ်း မိုင်းခွဲတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့သတင်းကို ကိုဝင်းမင်းက ပြောပြပါမယ်။

ဖြူးမြို့နယ်၊ ကညွတ်ကွင်းနဲ့ ညောင်ပင်သာကျေးရွာ ကြားမှာရှိတဲ့ ရန်ကုန်-မန္တလေး မီးရထားလမ်းပေါ်မှာ ဒီနေ့ သောကြာနေ့ မနက်အစောပိုင်းမှာ မိုင်းခွဲခံရတယ်လို့ ရထားပို့ဆောင်ရေး တာ၀န်ရှိသူတွေဘက်က ဗွီအိုအေကို အတည်ပြုပါတယ်။ အဆုန်၊ အဆန် ရထားလမ်း နှစ်ဖက်လုံး ပျက်စီးသွားတဲ့နေရာတွေကို အမြန်ဆုံး ပြုပြင်နေကြောင်း ရန်ကုန်ဘူတာကြီးရဲ့ ရုံပိုင်အုပ်က ဗွီအိုအေကို ပြောပါတယ်။

" အခြေအနေကတော့ သံလမ်းပျက်သွားတယ်။ ဘေးတွေဘာတွေ အကုန်မှန်မှာပေါ့၊ အဲဒါကို ပြန်ပြုပြင်နေတယ်။ ရထားတွေ ဖြတ်လို့မရတဲ့အခါမှာ ဖြစ်ပွားမှု မဖြစ်တဲ့နေရာမှာ ရထားတွေခဏရပ်ပြီး သံလမ်းပျက်သွားတာကို ပြန်လည်ပြုပြင်တယ်၊ ပြုပြင်ပြီး ပြန်ထွက်မှာပါခင်ဗျ။ အဲနားဝန်းကျင်တွေက ခဏခဏဖြစ်နေတာ၊ တလကို နှစ်ကြိမ် သုံးကြိမ်လောက် ဖြစ်နေတယ် ဒီတလော နည်းနည်းစိပ်နေတယ်။"

အခုလို ရန်ကုန် မန္တလေးသွားတဲ့ တခုတည်းသော မီးရထားလမ်းရဲ့ ပဲခူးတိုင်းထဲက အပိုင်းတခု ပျက်စီးတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့လက်ချက်လဲဆိုတာတော့ မသိရသေးပါဘူး။ ရထားလမ်း မိုင်းပေါက်ကွဲတဲ့ အချိန်မှာ လူထိခိုက် ဒဏ်ရာရတယ်ဆိုတဲ့ သတင်းတော့ မကြားဘူးလို့ ဖြူးမြို့နယ် ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

မေလ ၁ ရက်နေ့ကလည်း ဖြူးမြို့နယ် ကညွတ်ကွင်းဘူတာနဲ့ ညောင်ပင်သာဘူတာအကြားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတုန်းက ရထားသံလမ်း မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီး ခံရတာကြောင့် ရထားဖြတ်သန်းစဉ် ရထားလမ်းချော်ကျမှုဖြစ်ပွားခဲ့ပြီး ရထားစက်ခေါင်းနဲ့ တွဲလွတ် ၃ တွဲ စုစုပေါင်း တွဲ (၄) တွဲ လမ်းချော်ကျခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ မီးရထားလမ်း မိုင်းခွဲခံရလို့ ရန်ကုန်ကနေ မန္တလေးကို သွားတဲ့ ခရီးသည် ၁၈၈ ယောက်ပါတဲ့ အဆန်လူစီး အမြန်ရထားနဲ့ မန္တလေးကနေ ရန်ကုန်ကို သွားတဲ့ ခရီးသည် ၁၇၄ ယောက်ပါ အစုန်လူစီး အမြန်ရထားတွေကို လိုရာခရီးမဆက်နိုင်ဘဲ ခရီးစဉ်တွေ ယာယီဖျက်ခဲ့ရတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်-မန္တလေးရထားလမ်းမှာ မိုင်းခွဲ တိုက်ခံခဲ့ရတဲ့ အကြိမ် ရာချီရှိခဲ့ပါတယ်။ စစ်ကောင်စီထုတ်ပြန်ချက်တခုမှာတော့ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်ထဲမှာ ရထားလမ်း မိုင်းခွဲခံရတဲ့ အကြိမ် ၁၁၀ ကြိမ်လောက် ရှိခဲ့တယ်လို့ ဖေါ်ပြခဲ့ပါတယ်။ မကြာသေးခင်ကလည်း ကျောက်ဆည်မြို့ ရန်ကုန်-မန္တလေးရထားလမ်းပိုင်းနဲ့ မွန်ပြည်နယ် သထုံမြို့နားက ရထားလမ်းတနေရာ မိုင်းခွဲခံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG