သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကေကော်မြို့ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNU ပူးပေါင်းတပ်တွေ တိုက်ခိုက် 


မြဝတီမြို့မှာတွေ့ရတဲ့ KNU/KNLA PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)
မြဝတီမြို့မှာတွေ့ရတဲ့ KNU/KNLA PDF ပူးပေါင်း တပ်ဖွဲ့ဝင်များ (ဧပြီ ၁၅၊ ၂၀၂၄)

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီအမြောက်ကုန်း (စွယ်တော် အမြောက်ကုန်း) နေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA,PDF မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေက ဒီရက်ပိုင်းအတွင်း ပိတ်ဆို့တိုက်ခိုက်နေတဲ့အတွက် မြန်မာစစ်တပ်ကလည်းလက်နက်ကြီးတွေနဲ့ ရွာတွေကို ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် လေးကေကော်မြို့သစ်နေရာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ အမြောက်ကုန်း (စွယ်တော် အမြောက်ကုန်း) နေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA,PDF မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေက ဒီရက်ပိုင်းအတွင်းပိတ်ဆို့ တိုက်ခိုက်နေတာပါ။ မကြာသေးခင်က မြ၀တီခရိုင်ထဲကို စစ်ကောင်စီတပ်အင်အားရာဂဏန်းနဲ့ စစ်ကြောင်းထိုးဝင်လာပြီးတဲ့နောက် ပူးပေါင်းတပ်တွေကလည်း အဲဒီအမြောက်ကုန်းနေရာကို ထိုးစစ်ဆင်လာတာဖြစ်ကြောင်း ဒေသခံတဦးကအခုလိုပြောပါတယ်။

“ပစ်ခတ်နေတာကတော့ ပစ်နေတာက သုံးလေးရက်တော့ရှိပြီ။ သူတို့လက်နက်ကြီးအမြောက်ကုန်းကို KNLA-PDF ပူးပေါင်းတပ်တွေက ပိတ်ဆို့ပြီးဝင်တိုက်နေတာ။ ပစ်နေတော့ မြန်မာစစ်တပ်ဘက်ကလည်း ပြန်ပြီး ရမ်းသမ်းပစ်နေတာ။ မနေ့ညတုန်းကတော့ လက်နက်ကြီးသံတွေကြားနေရတယ်။”

မြ၀တီမြို့ကို ပူးပေါင်းတပ်တွေဘက်က လွန်ခဲ့တဲ့ဧပြီလက သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီရဲ့တပ်စခန်းအတော်များများဟာ အဲဒီ လပိုင်းတွေအတွင်းက လက်လွှတ်ဆုံးရှုံးခဲ့ရတာများပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြ၀တီမြို့ကိုပြန်ရရေးအတွက် နိုင်ငံတော်အဆင့်အောင်ဇေယျစစ်ဆင်ရေးအဖြစ် ကော့ကရိတ်ဘက်ကနေ အလုံးအရင်းနဲ့တက်လာပေမယ့် မြ၀တီမြို့ကိုမရောက်ဘဲ စစ်ကြောင်းပြန်ရုပ်သွားတဲ့အထိဖြစ်ခဲ့ပါတယ်။

ဒီနောက်မှာတော့ ဇူလိုင်လကစပြီး စစ်ကောင်စီတပ်သားတွေဟာ နယ်ခြားစောင့်တပ်တွေရဲ့အကူအညီနဲ့မြ၀တီကို ဝင်ရောက်လာနေကြောင်း ဒေသခံတွေကပြောဆိုခဲ့ပါတယ်။ အခုအခါမှာ စစ်ကောင်စီရဲ့တပ်အင်အားတချို့ မြ၀တီမြို့ရောက်ရှိလာပြီဖြစ်တဲ့အတွက် ပူးပေါင်းတပ်တွေကလည်း ပူးပေါင်းပိတ်ဆို့ပြီး ထိုးစစ်ဆင်ဖို့လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဩဂုတ်လ ၂၇ ရက်နေ့က စစ်ကောင်စီရဲ့အမြောက်ကုန်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ရွာနားမှာ ကျရောက်ပေါက်ကွဲခဲ့ပေမဲ့ ဒေသခံတွေထိခိုက်ဒဏ်ရာရတာတော့ မကြားမိသေးဘူးလို့လည်း ပြောပြခဲ့ပါတယ်။

“မင်းလက်ပံဘုန်းကြီးကျောင်းတို့ဘက်တော့ ကျတာပေါ့။ ရွာထဲတော့မရောက်ဘူး။ မြို့ပြင်ဘက်ကိုတော့ကျတယ်။ဒါပေမယ့် ထိခိုက်ဒဏ်ရာတယ်လို့တော့ မကြားမိသေးဘူး။”

လေးကေကော် ရပ်ကွက်အနောက်ဘက်၊ အာရှလမ်းသစ်ဘက် လက်ခတ်တောင်၊ ရသေ့ဂူ၊ ကျောက်ဂူနေရာတွေမှာ ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဩဂုတ်လ ၂၈ ရက်မှာတော့ ဒေသခံတွေဟာ အင်ကြင်းမြိုင်၊ မင်းလက်ပံ ဘုန်းကြီးကျောင်းနဲ့ သောင်ရင်းမြစ်အနီးက ပလော့တပို့စစ်ရှောင်စခန်းရှိရာ နေရာတွေမှာ စစ်ဘေးရှောင်နေကြပါတယ်။ မြ၀တီမှာတော့ တကျော့ပြန် စစ်ပွဲတွေဖြစ်လာမှာကို ဒေသခံတွေကစိုးရိမ်ပူပန်နေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG