သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လေးကေ့ကော်တိုက်ပွဲကြောင့် ကရင်ဒေသခံ ၁,၆၀၀ ထိုင်းနိုင်ငံဘက် တိမ်းရှောင်


ဧပြီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်၊ လေးကော့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီက လာရောက်ဗုံးကြဲစဉ်။ (ဓာတ်ပုံ-KNLA)
ဧပြီလ ၁၀ ရက်၊ ၂၀၂၂ ခုနှစ်၊ လေးကော့ကော်တိုက်ပွဲအတွင်း စစ်ကောင်စီက လာရောက်ဗုံးကြဲစဉ်။ (ဓာတ်ပုံ-KNLA)

[[Zawgyi/unicode]]

လေးကေ့ကော်တိုက်ပွဲကြောင့် ကရင်ဒေသခံ ၁,၆၀၀ ထိုင်းနိုင်ငံဘက် တိမ်းရှောင်

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော် မြို့သစ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေး KNLA တပ်၊ ပြည်သူ့ကာကွယ်ရေး PDF တပ် စတဲ့ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား ဒီနေ့အထိ တိုက် ပွဲတွေဆက်ဖြစ်နေပါတယ်။ ဧပြီလ ၁၀ ရက် တနင်္ဂနွေနေ့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်တဲ့အတွက် ကရင်ဒေသခံ ၁၆၀၀ ကျော် ထိုင်းနိုင်ငံဘက်ကို ထပ်ပြီး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

KNU ကရင်အမျိုးသားအစည်းအရုံး နယ်မြေတွေမှာ စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့် BGF တပ်က တဘက်၊ KNU လက်အောက်က ကရင်တိုင်းရင်းသားလက်နက်ကိုင် KNLA၊ KNDO နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကတဘက် ဒီနေ့မှာလည်း တိုက်ပွဲတွေဖြစ်နေပါတယ်။

ကရင်အမျိုးသားအစည်း ဗဟိုကော်မတီဝင်လည်းဖြစ်၊ သတင်းနဲ့ပြန်ကြားရေးဌာန ဒုတိယတာဝန်ခံ လည်း ဖြစ်တဲ့ ဖဒိုကလယ်စေးက ညနေပိုင်းအထိ သူသိထားတဲ့တိုက်ပွဲအခြေအနေကို ခုလိုပြောပြပါတယ်။

“တိုက်ပွဲကတော့နေ့တိုင်းနီးနီးရှိပါတယ်။ ကျနော်တို့ဆီကတော ကြေးနန်းတွေမရောက်သေးဘူး။ ကျနော် တို့က ထိခိုက်ဒဏ်ရာရရှိမှုတွေကတော့မသိရသေးဘူး။ ကျနော်တို့က ကြေးနန်းပေါ်မှာအခြေခံပြီးပြောရတာဖြစ်ပါတယ်။ တိုက်ပွဲကတော့ ဖြစ်နေတာသေချာပါတယ်။”

ဧပြီလ ၁၀ ရက်၊ တနင်္ဂနွေနေ့က တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့အတွက် နောက်ထပ်ကရင်ဒုက္ခသည်တွေ ထိုင်းနိုင်ငံဘက် ထွက်ပြေးနေကြပါတယ်။ အခုရက်ပိုင်း ထိုင်းနိုင်ငံဘက် ရောက်လာတဲ့ စစ်ဘေးဒုက္ခသည် ၁,၆၀၀ ကျော် ရှိသွားပြီလို့ စစ်ဘေးဒုက္ခသည်ကို အကူညီပေးနေသူတဦးကပြောပြပါတယ်။

“အခုလတ်တလော ပြီးခဲ့တဲ့ရက်က ကူးလာတဲ့စစ်ရှောင်တွေကတော့ နေရာဒေသ ၅ ခုမှာရှိတယ်။ အုန်းဖန် ဘက်မှာနေရာ ၄ ခုရှိတယ်။ ဖွတ်ဖရဘက်မှာနေရာတခုရှိတယ်။ စုစုပေါင်း စစ်ဘေးရှောင်ဦးရေကတော့ ၁,၆၀၀ ကျော်လောက်ရှိတယ်။”

ဒီနေ့ဧပြီလ ၁၁ ရက်နေ့မှာတော့ မြန်မာစစ်ဘေးဒုက္ခသည်တွေရှိတဲ့နေရာတွေကို ထိုင်းအာဏာပိုင်တွေ သွားရောက်ပြီး အစားအသောက်အကူအညီတွေ ပေးခဲ့ပါတယ်။ တနင်္ဂနွေနေ့က စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့စဉ်အတွင်းမှာ လေးကေ့ကော်မြို့သစ်နေရာနဲ့ အနီးတဝိုက် မီးခိုးငွေ့တွေကြောင့် KNU နဲ့ ပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တွေနဲ့ ဒေသခံရွာသားတွေ မူးဝေအော့အန်တာ၊ ယားယံတာတွေ ဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကပြောပြပါတယ်။

“အဆိပ်သင့်တဲ့ sign ကိုပြတယ်။ မူးဝေတယ်၊ အော့အန်တယ် ၊ ယားယံတယ်။ အဲဒါမျိုးတွေဖြစ်တယ်။ ရေငတ်တယ်။ အဲဒီအငွေ့တွေ ရှူမိတာ။ မီးခိုးငွေ့တွေက အဝါရောင်တွေဖြစ်တယ်။ အဲဒီလို အငွေ့တွေ ရှူမိသူတွေက အဲဒီလို လက္ခဏာတွေ တွေ့ရတယ်။ ရဲဘော်တွေ၊ စစ်ဘေးရှောင်တဲ့ရွာသားတချို့တွေ အဲဒီလိုမျိုးဖြစ်တယ်။”

မီးခိုးငွေ့ရှူမိတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း မူးဝေအော့အန်တာ ဖြစ်ခဲ့ကြောင်း အကူညီပေးနေသူတွေကပြောပြပါတယ်။ သူတို့က မီးခိုးငွေ့တွေကြောင့်လို့ပြောပေမယ့် မူးမော် အော့အန်ရတဲ့ အဓိက အကြောင်းအရင်းကိုတော့ ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

ပြီးခဲတဲ့ နှစ် ဒီဇင်ဘာလကစပြီး မြဝတီခရိုင် လေးကေ့ကော်နဲ့ ကော့ကရိတ်မြို့နယ် တောင်ဘက်မှာ နှစ် ဘက်တိုက်ပွဲတွေ ပြန်ဖြစ်လာတာ ၃ လကျော်ကြာပြီဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ လက်နက်ကြီးကျည်ဆံတွေ ကျရောက်တဲ့အတွက် ဒေသခံတွေရဲ့အိမ်တွေ ပျက်စီးတာတွေရှိသလို ထိခိုက်ဒဏ်ရာရ၊ သေဆုံးတာတွေလည်း ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]












XS
SM
MD
LG