သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ဘနွန်က Hezbollah အဖွဲ့ကို စစ်မျက်နှာသစ်ဖွင့်ပြီး အစ္စရေးတိုက်ခိုက်

အစ္စရေးက နေရာယူထားတဲ့ West Bank ဒေသမြောက်ပိုင်း Tubas မြို့မှာ အစ္စရေးစစ်သားများကို တွေ့ရစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)
အစ္စရေးက နေရာယူထားတဲ့ West Bank ဒေသမြောက်ပိုင်း Tubas မြို့မှာ အစ္စရေးစစ်သားများကို တွေ့ရစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၄)

လက်ဘနွန်နိုင်ငံတောင်ပိုင်းက လက်နက်တိုက်အပါအဝင် Hezbollah အဖွဲ့ရဲ့ နေရာ ၇ ခုကို ညလုံးပေါက်တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ပြောကြားလိုက်ပါတယ်။ လက်ဘနွန်က Hezbollah စစ်သွေးကြွအဖွဲ့အပေါ် စစ်မျက်နှာသစ်ဖွင့်လိုက်ပြီလို့ အစ္စရေးကာကွယ်ရေးဝန်ကြီးက ကြေညာခဲ့ပြီးနောက်မှာ ခုလိုတိုက်ခိုက်မှုတွေကို လုပ်နေတာပါ။

Hezbollah အဖွဲ့ဝင်တွေသုံးတဲ့ စာတိုပို့ Pager တွေ အင်္ဂါနေ့က တချိန်ထဲနီးပါး ပေါက်ကွဲခဲ့လို့ လက်ဘနွန်နိုင်ငံတဝန်း ၁၂ ယောက်သေဆုံးပြီး ၃ ထောင်နီးပါး ဒဏ်ရာရခဲ့ပါတယ်။ မနေ့ ဗုဒ္ဓဟူးနေ့ကလည်း walkie-talkies နဲ့တခြားအီလက်ထရောနစ်ပစ္စည်းတွေ ပေါက်ကွဲခဲ့လို့ ၂၀ ထက်မနည်း သေဆုံးပြီး ၄၅၀ ထက်မနည်း ဒဏ်ရာရခဲ့ကြပါတယ်။ ဒီတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အစ္စရေးက သူတို့လက်ချက်လို့ တိုက်ရိုက်မပြောပေမဲ့ အစ္စရေးထောက်လှမ်းရေးဌာန Mossad က လုပ်တာလို့ လုံခြုံရေးဆိုင်ရာ ဇစ်မြစ်တော်တော်များများက ပြောကြပါတယ်။

အင်္ဂါနေ့က Pager စက်တွေ ပေါက်ကွဲခဲ့ပြီးနောက် Hezbollah အဖွဲ့ရဲ့ အုပ်ချုပ်ရေးကောင်စီက လက်တုံ့ပြန်မယ်လို့ ကြေညာထားပါတယ်။ ၂၀၂၃ အောက်တိုဘာလက အစ္စရေးတွေကို ဟာမတ်စ်စစ်သွေးကြီတွေ မျှော်လင့်မထားဘဲတိုက်ခိုက်ခဲ့တဲ့အပေါ် အစ္စရေးက အကြီးအကျယ် စစ်ဆင်ရေးနဲ့ လက်တုံ့ပြန်ခဲ့ချိန်ထဲကစလို့ ဟာမတ်စ်ဘက်ကပါတဲ့ Hezbollah အဖွဲ့က အစ္စရေးတို့အပေါ် တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ စစ်ပွဲ ကျယ်ပြန့်လာမှာကို စိုးရိမ်နေကြချိန်မှာပဲအမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဒီနေ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။ အစ္စရေး ပါလက်စတိုင်းစစ်ပွဲရပ်ရေး ဆွေးနွေးပွဲတခု အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ပေါ်ပေါက်ရေးအတွက် ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။ ဟာမတ်စ်အဖွဲ့အပေါ် စစ်ဆင်နေတဲ့ အစ္စရေးဟာ စစ်ပွဲကို လက်ဘနွန်အထိကျယ်ပြန့်အောင်လုပ်နေတယ်လို့ တူရကီနိုင်ငံကတော့ ဒီနေ့ စွပ်စွဲလိုက်ပါတယ်။

တချိန်ထဲမှာ လက်ဘနွန်ဘက်ကနေ ဒရုန်းယာဉ် ၂ စင်း အစ္စရေးဘက် ဒီနေ့ ဖြတ်ကျော်ဝင်လာတယ်လို့လည်း အစ္စရေးစစ်တပ်က ကြေညာချက်ထုတ်ပြန်ပါတယ်။ Beit Hillel နဲ့ Yaara မြို့တွေနား ကျခဲ့တာမှာ မီးလောင်ခဲ့ပေမဲ့ အချိန်မှီ မီးငြိမ်းသတ်နိုင်ခဲ့ပြီး၊ ထိခိုက်မှု တစုံတရာ မရှိခဲ့ဘူးလို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

လက်ဘနွန်က Hezbollah အဖွဲ့ကို စစ်မျက်နှာသစ်ဖွင့်ပြီး အစ္စရေးတိုက်ခိုက်
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်
This item is part of

Forum

XS
SM
MD
LG