MNDAA ကိုးကန့်တပ်ဖွဲ့က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက ဒီနေ့အောက်တိုဘာလ ၂၃ ရက် တရက်တည်းမှာပဲ လေကြောင်းကနေ အနည်းဆုံး ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လားရှိုးမြို့ကို သြဂုတ်လ ၃၀ကနေ့ ဒီနေ့အထိ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်တာ အကြိမ် ၂၀ ထက်မနည်း ရှိသွားပြီလို့လည်း ပြောပါတယ်။
MNDAA ကိုးကန့်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ပထမအကြိမ် ဗုံးကြဲတိုက်ခိုက်မှုမှာ မယ်ဟန်ကျေးရွာအနီးက အရက်ချက်စက်ရုံ မီးလောင်ပျက်ဆီးခဲ့ပြီး လူအထိအခိုက် မရှိခဲ့ပါဘူး။ ဒုတိယအကြိမ်တိုက်ခိုက်မှုမှာတော့ အထိအခိုက်အခြေအနေကိုတော့ စုံစမ်းနေဆဲရှိပါတယ်။
လားရှိုးမြို့ပေါ် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးး လားရှိုးမြို့က စစ်ရှောင်နေသူ တဦးက VOA ကို အခုလို ပြောပါတယ်။
“ ၂ခါကြဲတယ်လို့ ကြားတယ်။ ပထမ မနက်အစောပိုင်းက ဒီလားရှိုးကနေပြီးတော့ မယ်ဟန်ဘက်အထွက်ပေါ့။ သီပေါဘက်အထွက်ပေါ့။ အဲဒီမှာ ရိုးရာအရက်ချက်စက်ရုံဆိုတာ ရှိတယ်။ အဲဒီမှာ သူက ဘယ်ရပ်ကွက်ထဲ ရောက်မလဲ ခိုဆန်တန်ပေါ့။ ရိုးရာအရက်ချက် စက်ရုံ အဲဒီမှာ ကြဲသွားတယ်။ အရက်ချက်စက်ရုံထဲမှာ ဘယ်သူမှ မနေဘူး။ လူမထိဘူး။ ဒီ ၁၁နာရီလောက်အချိန်မှာကျတော့ ဟိုပိတ်မှာ ကြဲသွားတယ်လို့ ပြောတယ်။ ဒုတိယအခေါက်တော့ မသိသေးဘူး။ ဒီနေ့ တရက်တည်းကို ၂ကြိမ်ကြဲသွားပြီ။ ၂ခေါက်ကြဲသွားပြီ။ ”
MNDAA ကိုးကန့်တပ်ကတော့ မယ်ဟန်ကျေးရွာအုပ်စု ခိုဆန်တန်ရွာရှိ အရက်ချက်စက်ရုံကို မနက် ၈နာရီ ၃၅မိနစ်မှာ စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လူအထိအခိုက်မရှိကြောင်းနဲ့ ပေါက်ကွဲမှုကြောင့် မီးလောင်နေတာတွေကို မီးသတ်ဦးစီးဌာနက ငြိမ်းသတ်နေကြောင်း ဖော်ပြပါတယ်။
ဒီလ ၂၁ရက်နေ့ သန်းခေါင်အကျော် ၂၂ ရက်နေ့ မနက် ၁၈မိနစ်ခန့်မှာလည်း လားရှိုးမြို့ ရပ်ကွက် ၁၂နဲ့ ရပ်ကွက် ၈အစပ် မန်ဆူဘုရားအနီး လူနေရပ်ကွက်အတွင်းကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ အရပ်သား ၃ဦး ထိခိုက်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ MNDAA ကိုးကန့်တပ်ထိန်းချုပ်ရာ လားရှိုးအပြင် လောက်ကိုင်နဲ့ သိန္နီမြို့နယ်တွေနဲ့ TNLA တအန်းတပ် ထိန်းချုပ်ရာ နောင်ချို၊ နမ့်ဆန်မြို့တွေကို စစ်ကောင်စီက နေ့စဉ်ဆိုသလို လေကြောင်းက တိုက်ခိုက်နေပါတယ်။ ရှမ်းမြောက်တိုက်ပွဲအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
Forum