တရုတ်က ထိုင်ဝမ်ကို သူပိုင်နယ်မြေအဖြစ်လက်ခံဖို့ စစ်ရေးအရ ဖိအားတွေ ဆက်ပေးနေချိန်မှာ ထိုင်ဝမ်အနေနဲ့ သူ့နယ်မြေ တလက်မ ကိုတောင်မှ စွန့်လွှတ်မှာ မဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတ Lai Ching-te က သောကြာနေ့က ပြောဆိုလိုက်ပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်ကြားဖြစ်ပွားတဲ့ Guningtou (ဂူနင်တုံ)တိုက်ပွဲမှာ တရုတ်ကွန်မြူနစ်တပ်ဖွဲ့တွေကို အောင်ပွဲခံခဲ့တဲ့ ၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား ကျင်းပရာ (တရုတ်ကမ်းလွန်) Kinmen ကျွန်းကို သွားရောက်စဥ်အတွင်း ထိုင်ဝမ်သမ္မတ Lai က ခုလို ပြောကြားခဲ့တာပါ။
တရုတ်နဲ့ ထိုင်ဝမ်ကို ပိုင်းခြားထားတဲ့ အရေးပါတဲ့ ထိုင်ဝမ်ရေလက်ကြားမှာ နှစ်ဘက်လုံးက စစ်ရေးလေ့ကျင့်မှုတွေနဲ့ တင်းမာမှုတွေ ပြင်းပြင်းထန်ထန် ရှိခဲ့ပြီးတဲ့နောက် ခုလို ပြောကြားတာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်အုပ်ချုပ်တဲ့ ကျွန်းတွေကို ရည်ညွန်းပြီး Taiwan ၊ Penghu ၊ Kinmen နဲ့ Matsu နယ်မြေတွေထဲက တလက်မ ကိုတောင်မှ အထိခံမှာ မဟုတ်ဘဲ အမိမြေကို အခိုင်အမာ ကာကွယ်သွားမယ်လို့ သူ့မိန့်ခွန်းထဲမှာ သမ္မတ Lai က ပြောကြားသွားပါတယ်။
ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုတာ လွယ်လွယ်နဲ့ရတဲ့ အရာတွေ မဟုတ်ဘဲ ဒီအခွင့်အရေးတွေကို ကာကွယ်ဖို့ မျိုးဆက်အဆင့်ဆင့် ပူးပေါင်းအားနဲ့ ကြိုးပမ်းအားထုတ်ကြရတာ ဖြစ်တယ်ဆိုတာကို ဂူနင်တုံ တိုက်ပွဲက ထိုင်ဝမ်သူထိုင်ဝမ်သားတွေကို နားလည်စေခဲ့တယ်လို့လည်း သမ္မတ Lai က ပြောပါတယ်။
တရုတ်နိုင်ငံကို နာမည်တပ် ဖော်ပြမသွားဘဲ၊ ဘယ်ပြည်ပ အင်အားစုကမှ ထိုင်ဝမ်ရဲ့ အနာဂတ်ကို ပြောင်းလဲလို့ မရဘူးလို့လည်း သူက ပြောပါတယ်။ တရုတ်ကွန်မြူနစ်ပါတီကတော့ ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ ထိုင်ဝမ်ကို တခါမှ မအုပ်ချုပ်ခဲ့ဖူးပေမဲ့လို့ ထိုင်ဝမ်ဟာ တရုတ်ရဲ့ နယ်မြေအစိတ်အပိုင်း ဖြစ်တယ်လို့ ကြွေးကြော်ထားပြီး လိုအပ်ရင် အင်အားသုံး သိမ်းယူမယ်လို့ ပြောဆိုထားတာ ဖြစ်ပါတယ်။
Forum