အင်္ဂလန်က နာမည်ကျော် ဘောလုံးအသင်း မန်ချက်စတာယူနိုက်တစ် Manchester United နည်းပြ Erik ten Hag အဲရစ်တန်ဟက်ဂ်ကို နည်းပြရာထူးမှ ဖယ်ရှားလိုက်ပြီး၊ လက်ထောက်နည်းပြဖြစ်သူ မန်ယူရှေ့တန်းကစားသမားဟောင်း Ruud van Nistelrooy ရတ်ဒ်ဗန် နစ္စတယ်ရွိုင်းကို လောလောဆယ် အသင်းနည်းပြတာဝန် အဖြစ်ထားရှိပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က West Ham ဝက်စ်ဟမ်းနဲ့ ပွဲမှာ ရှုံးနိမ့်သွားခဲ့ကာ အမှတ်ပေးဇယား အဆင့် ၁၄ ထိရောက်ခဲ့ရပြီး နောက်တရက်ပဲ အခုလို ကြေညာချက်ထွက်လာတာပါ။ ဒီမတိုင်ခင်ကလည်း မန်ယူအသင်း ရလဒ်တွေ အခြေမလှ ဆက်တိုက်ဖြစ်နေတာပါ။ “လုပ်ပေးခဲ့တာ အားလုံးအတွက် အဲရစ်ကို ကျေးဇူးတင်ပါတယ်၊ သူ့အနာဂတ်အတွက် အကောင်းဆုံးဆုတောင်းပေးပါတယ်” လို့ မန်ယူအသင်းထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။ ဒက်ချ်လူမျိုး အဲရစ်တန်ဟက်ခ်ဟာ ၂၀၂၂ ခုနှစ် မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့ချိန်ကစလို့ သူ့ရဲ့နည်းစနစ်ပိုင်းနဲ့ အုပ်ချုပ်ပိုင်းတွေမှာ ဝေဖန်ခံခဲ့ရတာပါ။
သူကိုင်တွယ်ခဲ့တဲ့ကာလအတွင်း FA ဖလားတလုံးနဲ့ အင်္ဂလန်လိဂ်ဖလားတလုံး ရယူပေးနိုင်ခဲ့ပေမယ့် အင်္ဂလန်ပရီးမီးယားလိဂ်မှာတော့ တခြားထိပ်တန်းအသင်းတွေရဲ့အောက်မှာပဲ ရပ်တည်နိုင်ခဲ့ပြီး ဥရောပအဆင့်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုမရဖြစ်ခဲ့တာပါ။
Forum