လက်ဘနွန်မြောက်ပိုင်း ဘာတွန်းမြို့မှာ စစ်ဆင်ရေးဝင်နေချိန် လူတဦးကို ဖမ်းမိခဲ့ကြောင်းနဲ့ သူ့ကို အစ္စရေးကို ပို့ပြီး စုံစမ်း စစ်ဆေးနေတယ်လို့ အစ္စရေးစစ်တပ်က ပြောပေမယ့် အမည်ကိုတော့ ထုတ်မပြောပါဘူး။
လက်ဘနွန် အာဏာပိုင်တွေကတော့ ဘေရွတ် မြောက်ဘက် ကီလိုမီတာ ၃၀ လောက်က Batroun မြို့နားကို ရောက်လာတဲ့ ရေတပ်သား တယောက်ကို လက်နက်ကိုင်တစုက သောကြာနေ့က ဖမ်းသွားကြောင်းနဲ့ ဒီလိုဖမ်းသွားသူဟာ အစ္စရေးတွေ ဟုတ်မဟုတ် စုံစမ်းနေတယ်လို့ စနေနေ့ အစောပိုင်းမှာ ပြောပါတယ်။
လက်ဘနွန် စစ်တပ်အရာရှိ ၂ ဦး ကလည်း အခုလို လက်ဘနွန်နိုင်ငံသား အဖမ်းခံရတာ မှန်ကန်ကြောင်း AP သတင်းဌာနကို အတည်ပြုပြောဆိုပါတယ်။ ဒါပေမယ့် အဖမ်းခံရသူဟာ ဟက်ဇ်ဘိုလာ အဖွဲ့နဲ့ ဆက်နွယ်မှု ရှိမရှိ ထုတ်မပြောသလို အမည်ကိုလည်း ထုတ်မပြောတဲ့ အပြင် ဖမ်းသွားသူတွေဟာ အစ္စရေးတွေ ဟုတ်မဟုတ်လည်း အတည်မပြုပါဘူး။
လက်ဘနွန် လူထုလုပ်ငန်းနဲ့ ကူးသန်းဝန်ကြီးကို လက်ဘနွန်သတင်းဌာနက မေးမြန်းရာမှာလည်း ဖမ်းသွားသူဟာ အစ္စရေးဟုတ်မဟုတ်ကိုရော အသေးစိတ်ကိုပါ ဖြေကြားတာ မရှိပါဘူး။
လက်ဘနွန် တရားရေး အရာရှိ ၃ ဦးကတော့ ဒီဖြစ်ရပ်ဟာ သောကြာနေ့ အရုဏ်တက်ချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဖမ်းခံရတဲ့ ကက်ပတိန်ဟာ ဟက်ဇ်ဘိုလာ အဖွဲ့နဲ့ ဆက်နွယ်မှု ရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီး သူဟာ ဟက်ဇ်ဘိုလာ အဖွဲ့နဲ့ ဆက်နွယ်မှု ရှိမရှိကိုရော၊ အစ္စရေးက လာပြီး ကယ်ထုတ်တဲ့ အစ္စရေးအတွက် သူလျိုလုပ်နေသူဟုတ်မဟုတ် ဆိုတာကိုပါ စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
Forum