သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရောက် မြောက်ကိုရီးယားအရေး မဟာမိတ်တွေ ကိုင်တွယ်ဖို့ ယူကရိန်းတိုက်တွန်း


မြောက်ကိုရီးယားစစ်သားများ။
မြောက်ကိုရီးယားစစ်သားများ။

ရုရှားကိုရောက်နေတဲ့ မြောက်ကိုရီးယားတပ်သားတွေကို စောင့်ကြည့်မနေပဲ ယူကရိန်း စစ်မြေပြင်ကို ရောက်မလာခင် အရေးယူဆောင်ရွက်ကြဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က မဟာမိတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

မြောက်ကိုရီးယား တပ်သားတွေကို ဘယ်မှာ လေ့ကျင့်ပေးနေတယ်ဆိုတာကို ယူကရိန်းက သိထားတာဖြစ်ပြီး သူတို့ကို ယူကရိန်းက ဝင်တိုက်နိုင်ပေမယ့် ရုရှားပိုင်နက်အတွင်းပိုင်းက ပစ်မှတ်တွေအတွက် မဟာမိတ်တွေက ယူကရိန်းကို သူတို့ရဲ့ တာဝေးပစ် လက်နက်တွေ သုံးခွင့် ပေးမထားတာကြောင့် ယူကရိန်းက မတိုက်ခိုက်နိုင်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီတို့က အခြေအနေကို စောင့်ကြည့်နေကြသလို၊ မြောက်ကိုရီးယားတပ်သားတွေ ယူကရိန်းကို စတိုက်မှာကို အားလုံးက စောင့်ကြည့်နေကြတယ်လို့ ယူကရိန်းသမ္မတက သောကြာနေ့ညပိုင်း တယ်လီဂရမ် လူမှုမီဒီယာမှာ ရေးပါတယ်။


မြောက်ကိုရီးယား တပ်သား ၈,၀၀၀ လောက်ဟာ ယူကရိန်းနယ်စပ်နားက ရုရှားပိုင် Kursk ဒေသမှာ ရောက်နေသလို၊ လာမယ့် ရက်ပိုင်းအတွင်း ယူကရိန်းကိုတိုက်ပြီး ရုရှားကိုကူဖို့ ပြင်ဆင်နေတယ်လို့ သမ္မတဘိုင်ဒန် အစိုးရအဖွဲ့က ကြာသပတေးနေ့က ပြောကြားခဲ့တာပါ။

ရုရှားစစ်လက်နက်တွေ တပ်ဆင်ထားတဲ့ မြောက်ကိုရီးယား တပ်သား ၇,၀၀၀ ကျော်ကို ယူကရိန်းနဲ့ နီးတဲ့နေရာတွေကို ပို့ထားတယ်လို့ ယူကရိန်း စစ်ထောက်လှမ်းရေး GUR က စနေနေ့မှာ ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယား တပ်သားတွေကို ရုရှား အရှေ့ဖျားဒေသက နေရာ ၅ နေရာမှာ လေ့ကျင့်ပေးနေတယ်လို့လည်း ပြောပါတယ်။

အနောက်နိုင်ငံ ခေါင်းဆောင်တွေကလည်း အခုလို ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ချထားတာဟာ အင်ဒို- ပစိဖိတ်ဒေသအတွက် ကြီးမားတဲ့ စစ်ရှိန်မြင့်မားမှုဖြစ်ပြီး မြောက်ကိုရီးယားကို ရုရှားက နည်းပညာတွေပေးဖို့ လမ်းပွင့်လာတာကြောင့် ဒါဟာ မြောက်ကိုရီးယားရဲ့ နျူကလီယားနဲ့ မစ်ဇိုင်းဒုံးအစီစဉ်တွေက ခြိမ်းခြောက်မှု ရှိလာမယ့် အနေထား ဖြစ်လာစေတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG